Home
မြန်မာသတင်း
လောက်ကိုင်တွင် ရွှေ့ပြောင်းလုပ်သမားများ ပိတ်မိနေ 
DVB
·
November 13, 2023

ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသ လောက်ကိုင်အပါအဝင် မြို့နယ် ၈ ခုကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် လောက်ကိုင်မှာ လုံခြုံရေး ပိုတင်းကျပ်နေသလို အဲဒီမှာ နိုင်ငံခြားသားတွေ အပါအဝင် ရွှေ့ပြောင်းလုပ်သား ပြည်သူတွေ အများအပြား ပိတ်မိနေပါတယ်။

တရုတ် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူးခံရတဲ့ ထိုင်း၊ ဗီယက်နမ် နိုင်ငံသားတွေနဲ့ လောက်ကိုင်မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာပြည်သူတွေ အပြင်ထွက်မရဘဲ ပိတ်မိကုန်တာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နဲ့ ၁၁ ရက်တို့မှာ လောက်ကိုင်ကနေ ချင်းရွှေဟော် သွားတဲ့လမ်း ပါစင်ကျော်ရွာအနီး လက်နက်ကြီး ကျရောက်တာကြောင့် နေရပ်ပြန်သူအချို့ ထိခိုက် သေဆုံးတာတွေ ရှိပါတယ်။

ပိတ်မိနေတဲ့ နိုင်ငံခြားသားတွေနဲ့ ပြည်သူတွေကို ကယ်ထုတ်ပေးဖို့ ကြိုးပမ်းနေပေမယ့် စစ်ရေး အခြေအနေ တင်းမာနေတာကြောင့် ကယ်ထုတ်ဖို့ ဘယ်လိုမှ အဆင်မပြေဘူးလို့ ထိုင်း-မြန်မာ လူကုန်ကူးမှု တိုက်ဖျက်ရေး ကူညီပေးနေသူက ဒီဗွီဘီကို ပြောပါတယ်။

“အခု အားလုံးတော့ ပိတ်မိနေကြတာပေါ့နော်။ အခု လက်ရှိ ပိတ်မိနေတဲ့လူတွေကိုလည်း ထုတ်ဖို့တော့ ကြိုးစားတယ်။ ဘယ်လိုမှ အဆင်မပြေဘူး။ အခုကတော့ လူတွေ စုနေတုန်းပေါ့။ တချို့ကလည်း ဝဘက်ကို ရောက်လာတဲ့သူတွေ ရှိသလို လောက်ကိုင်မှာပဲ သောင်တင်ပြီး နေရာတခုခုမှာ နေထားရတာ ရှိတယ်။ အခုက အဲဒီမှာ လူအယောက် ၃၀၀ ကျော်ရှိတယ်။ ဗီယက်နမ် ၁၀၀ ကျော်၊ မလေးရှား၊ ထိုင်း ၁၆၆ ဦး စသဖြင့် ရှိတယ်။ စားရေးသောက်ရေး၊ ကျန်းမာရေး အကုန် အခက်အခဲဖြစ်နေတယ်။ စစ်ဘေး ဒုက္ခသည်တွေ၊ Victim တွေ ရှိတယ်။ ကုန်ဈေးနှုန်းတွေ တက်နေတယ်။ BGF နဲ့ စစ်တပ်က လမ်းတွေပိတ်ပြီး လက်နက်ကြီးတွေ ကျတော့ တချို့လည်း အသက်ဆုံးရှုံးတာတွေ ရှိတယ်။ မြို့ထဲ အခြေအနေကတော့ victim တွေ ပြောပြချက်အရ ပစ်ခတ်နေဆဲပဲပေါ့။ လက်နက်ကြီးတွေ ကျတယ် ပြောတယ်။ သူတို့ အပြင်မထွက်ရဲဘူး။”

ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်မှာ ထိုင်းဒုရဲချုပ်က မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီး စစ်တပ်ဘက်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ လောက်ကိုင်မှာ စစ်ကောင်စီ ထိန်းသိမ်းထားတဲ့ ထိုင်းနိုင်ငံသားတွေနဲ့ ဆက်သွယ် တွေ့ဆုံဖို့ လုပ်ဆောင်ခဲ့ပါတယ်။

လက်ရှိမှာတော့ စစ်ရေး ပြင်းထန်နေတာကြောင့် ထိုင်းနိုင်ငံသားတွေကို ဖုန်းနဲ့သာ အဆက်အသွယ် လုပ်နိုင်တယ်လို့ သိရပါတယ်။ ပိတ်မိနေသူတွေထဲမှာ ထိုင်းအယောက် ၁၆၀ ကျော်၊ ဗီယက်နမ် ၁၀၀ ကျော်၊ မလေးရှား၊ လာအိုနဲ့ အခြား နိုင်ငံသားတွေလည်း အများအပြား ပါဝင်ပါတယ်။

နိုဝင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းအထိ နောက်ဆုံး သိထားတဲ့ အချက်အရ လောက်ကိုင်မြို့တွင်း အခြေအနေက စစ်ပွဲ မဖြစ်သေးပေမယ့် လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရပြီး စစ်ကောင်စီက မာရှယ်လော ထုတ်ထားတာကြောင့် မြို့တွင်းမှာ လက်နက်ကိုင် လုံခြုံရေးတွေ အပြည့် နေရာ ယူထားတယ်လို့ ပိတ်မိနေသူ တယောက်က ပြောပါတယ်။

“ကိုယ်တိုင် ကြုံနေရတော့ လောလောဆယ် နေရေး စားရေး အခက်အခဲ ကြုံနေရတာပေါ့။ အဓိက ဆန်တွေ ပြတ်တဲ့ ပြဿနာ ကြုံနေရတယ်။ ထမင်းစားမှာထက်စာရင် ခေါက်ဆွဲတွေပဲ စားနေရတယ်။ ရေရှည်အတွက်ဆိုရင်။ အခုက ဘယ်နေ့ ဘာဖြစ်မယ်ဆိုတာ မသိတဲ့ အခြေအနေ ဖြစ်နေတယ်။ ၃ ရက်မှ တခါလောက် ထမင်းစားတာမျိုး ချွေတာနေရတာပေါ့။ ဆန်က လုံးဝ ပြတ်လပ်သွားတာ။”

လက်ရှိမှာတော့ အင်တာနက် ဝိုင်ဖိုင်လိုင်းအချို့သာ ရပြီး လောက်ကိုင်မှာ အလုပ်လုပ်ကိုင်သူတွေဟာ ပြည်တွင်းက မိသားစုဝင်တွေနဲ့ ဖုန်းအဆက်အသွယ် ပြတ်တောက်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် လောက်ကိုင်မြို့ထဲမှာ ဆန်၊ ဆီ လုံးဝ ဝယ်မရအောင် ပြတ်လပ်နေပြီး နေအိမ်နဲ့ ဟိုတယ်တွေ၊ ကုမ္ပဏီ အလုပ်တွေမှာ ပိတ်မိနေသူတွေ စားသောက်ရေး အခက်အခဲတွေ ကြုံနေရပါတယ်။

လောက်ကိုင်မှာ ပိတ်မိနေသူတွေဟာ စစ်ပွဲဖြစ်လာမှာ စိုးရိမ်နေကြပြီး အဲဒီမှာ အလုပ်လုပ်ကိုင်နေသူတွေက ကုမ္ပဏီတွေက ပေးတဲ့ လစာလည်း မရရှိသေးတာကြောင့် ငွေကြေး အခက်အခဲတွေလည်း ကြုံနေရတယ်လို့ ကိုယ်တိုင် ကြုံရသူတွေဆီက သိရပါတယ်။

ဇွဲသစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024