DVB Logo
Home
မြန်မာသတင်း
စစ်တပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်နေ၍ ကသာမြို့ခံများ ထွက်ပြေးတိမ်းရှောင်
DVB
·
November 13, 2023
စစ်တပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်နေ၍ ကသာမြို့ခံများ ထွက်ပြေးတိမ်းရှောင်
Donate to DVB

စစ်ကောင်စီက ဆက်တိုက်ခြိမ်းခြောက်ပစ်ခတ်နေတာကြောင့် စစ်ကိုင်း-ကချင်နယ်စပ် ကသာမြို့ခံတွေ မြို့ကိုစွန့်ခွာထွက်ပြေးနေကြပြီလို့ ဒေသခံတွေ ကပြောပါတယ်။ 

မြို့သိမ်းတိုက်ပွဲတွေအလွန်မှာ စနစ်တကျအုပ်ချုပ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးပြဿနာတွေကို တာဝန်ရှိသူတွေက ဖော်ဆောင်ပေးနိုင်ဖို့ လိုအပ်လာတယ်လို့ မင်းတပ် ပအဖ တာဝန်ရှိသူက ပြောပါတယ်။ 

စစ်ကိုင်းတိုင်း ကောလင်းခရိုင်၊ ကောလင်းမြို့ကို PDF ပူးပေါင်းအဖွဲ့တွေက နိုဝင်ဘာ ၆ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့တာပါ။ နိုဝင်ဘာ ၇ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့ကို KIA နဲ့ PDF ပူးပေါင်းတပ်တွေကထပ်မံသိမ်းယူနိုင်ခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှာ ပင်လယ်ဘူးမြို့ကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း KIA ဘက်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ 

စစ်ကိုင်းတိုင်း မြို့နယ်တွေက စစ်ကောင်စီအခြေစိုက်နေရာတွေကို PDF တွေက ထိုးစစ်ဆင်တိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေခဲ့ပြီး ကသာမြို့မှာ တိုက်ပွဲသတင်းတွေကြောင့် ပြည်သူတွေဟာ မြို့ကို စွန့်ခွာထွက်ပြေးနေကြပါတယ်။

ကသာမြို့ခံအမျိုးသမီးတဦးက "ကသာမြို့ပေါ်အနေအထားကတော့ မြို့ထဲမှာတောင် လူတောင်သိပ်မရှိတော့ဘူး၊ ထွက်ပြေးနေကြပြီ၊ တချို့တဝက်တော့ ကျန်သေးတယ်၊ ဆိုင်တွေတော့ပိတ်ထားတယ်။ (-) တွေဘက်က သူတို့က ကသာမြို့ကို ခြိမ်းခြောက်နေတာပဲ။  ညတိုင်းညတိုင်း လက်နက်ကြီးတွေနဲ့ပစ်နေတာ အသံတွေပေးနေတယ်။ မြို့ထဲကလူတွေက ကြောက်ပြီး ပြေးကုန်ကြတာ။ အခုလောလောဆယ်တော့ ဒီနေ့အထိ ပြေးနေကြတာဆိုတော့ တဝက်လောက်တော့ ကုန်လောက်ပြီလား မသိဘူး။ မြို့တောင်ခြောက်ကပ်နေပြီ။ ဟိုရက်ကတော့ လေယာဉ် ၃ စီးနဲ့ အင်အားထပ်ချသွားတယ်။ မြို့ထဲမှာတော့ အင်အား ၃၀၀ လောက်ပြန်ဖြစ်သွားပြီ" လို့ ပြောပါတယ်။

ကချင်၊ ချင်း၊ စစ်ကိုင်း၊ မကွေးနယ်စပ် ဂန့်ဂေါ-ထီးလင်း-ကသာမြို့နယ်တွေအထိ ဆင်းပြီး ချင်းတောင်ပေါ်ကို စစ်ကောင်စီတပ်တွေ မတက်လာနိုင်အောင် စစ်ရေးအသာစီးယူနိုင်ပြီ ဖြစ်ပေမယ့် စစ်ဘေးရှောင်တွေ လုံခြုံရေး၊ ဆေးဝါးနဲ့ရိက္ခာ၊ တရားဥပဒေစိုးမိုးရေးပြဿနာတွေ ရှိနေတယ်လို့ မင်းတပ် ပအဖ တာဝန်ရှိသူ ကိုရောမန် က ပြောပါတယ်။ 

"တမြို့ပြီးတမြို့ ပြိုသွားသော်ငြားလည်းပဲ ရန်ကုန်ကတော့ နည်းနည်းလှမ်းဦးမှာကိုး။ နေပြည်တော်က လှမ်းဦးမှာကိုး။ အဲ့ဒီအချိန်ကြရင် ကျနော်တို့မှာက စစ်တိုက်ရတာက ရှင်းတယ်။ ကျနော်တို့မှာ ပစ်မှတ်ရှိတယ်၊ ရည်မှန်းချက်ရှိတယ်၊ ရအောင်သွားမယ်၊ လုပ်မယ်ကိုင်မယ်။ မလုပ်နိုင် မကိုင်နိုင်ခဲ့ရင် ပြန်စဉ်းစားမယ်၊ ပြန်သွားလုပ်မယ်၊ ဒါပဲကိုး။ အုပ်ချုပ်ရေးကကြတော့ လူမှုရေး ပြဿနာပေါင်းစုံ၊ ခံစားခွင့်၊ ဝန်ဆောင်မှုပေါင်းစုံနဲ့ အကုန်လုံး စိတ်ရှည်ရတဲ့ ချော့မော့ရတဲ့ စည်းရုန်းရတဲ့အလုပ်ကိုး။ အဲ့ဒါတွေက နည်းနည်း ပိုလည်းရှုပ်ထွေးတယ်၊ ပိုလည်းသိမ်မွေ့တယ်၊ ပိုလည်းခက်ခဲတယ်၊ ပိုလည်းအချိန်ယူရတယ်ဆိုတော့လေ။ ကျနော်တို့က စိတ်မရှည်တဲ့လူတွေ စိတ်မရှည်တဲ့ပုံစံတွေ စိတ်မရှည်တဲ့မျိုးဆက်တွေ ဖြစ်နေတော့လေ။ အဲ့ဒီအချိန်ကြရင်တော့ ဘယ်လိုလုပ်ကြမလဲဆိုတာ နည်းနည်းပြင်ဆင်ထားကြဖို့၊ မြို့ထိန်းရုံထိန်းတဲ့အပြင် တော်လှန်ရေးအတွက် အသုံးဝင်လာဖို့ တော်လှန်ရေးအတွက် ဆက်လက်အသုံးတော်ခံ နိုင်အောင်ပေါ့နော် ဘယ်လိုမျိုး စုစည်း စီမံခန့်ခွဲကြမလဲဆိုတာလည်း ကျနော်တို့အတွက် အရေးကြီးမယ်ထင်တယ်ခင်ဗျ။"

အနောက်မြောက်တိုင်းစစ်ဒေသ ချင်း၊ စစ်ကိုင်း၊ မကွေးမှာ စစ်ကောင်စီကို ဖိအားပေးတာတွေ ဆက်တိုက်ပြုလုပ်နိုင်ပြီဖြစ်ပေမယ့် စစ်ပွဲရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကိုင်တွယ်နိုင်ဖို့ အစီအစဉ်တွေ လိုအပ်နေတာပါ။ 

တော်လှန်ရေးအင်အားစုတွေဘက်က အသာစီးယူနိုင်တဲ့ နယ်မြေတွေရှိလာပေမယ့် စစ်ကိုင်းတိုင်း ပုလဲ၊ ယင်းမာပင်၊ ဆားလင်းကြီးနယ်တွေမှာ စစ်ကောင်စီက အင်အားသုံးနယ်မြေထိန်းချုပ်ဖို့ ကြိုးစားနေတုန်းပဲ ဖြစ်ပါတယ်။ 

စစ်ကိုင်းနယ်ခံနိုင်ငံရေးသမား ကိုစိုးဝင်းဆွေက "စစ်ရေးအရ စိုးမိုးနိုင်တယ်၊ သိမ်းပိုက်နိုင်တယ်ဆိုတဲ့ နေရာတွေမှာ အုပ်ချုပ်ရေးတွေ ဘယ်လိုဖော်ဆောင်သင့်သလဲပေါ့။ စစ်ရေးအရ စိုးမိုးနိုင်ပြီဆိုတာ နဲ့ တပြိုင်တည်း အုပ်ချုပ်ရေးမှာလည်း ဖော်ဆောင်နိုင်ဖို့ကလည်း အရေးကြီးလိုအပ်ချက်လို့ မြင်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (ERO) တွေ သိမ်းပိုက်တဲ့ နေရာတွေမှာဆိုရင်တော့ သူတို့က အရင်ကတည်းက အုပ်ချုပ်ရေးယန္တရား ထူထောင်ပြီးသားဆိုတော့ သိမ်းပိုက်ရရှိတဲ့ နယ်မြေတွေမှာ အုပ်ချုပ်ရေးဖော်ဆောင်ရတဲ့ ကိစ္စက သူတို့အတွက်တော့ သိပ်အခက်အခဲရှိမယ် မထင်ဘူးဗျ။ ဒါပေမယ့် PDF တွေ သိမ်းပိုက်ရရှိလိုက်တဲ့ နယ်မြေတွေမှာတော့ အုပ်ချုပ်ရေးယန္တရားက ခိုင်ခိုင်မာမာထူထောင်ထားတာမရှိဘူး။ ထူထောင်ထားတယ်ဆိုရင်လည်း သက်တမ်းက နုသေးတယ်ပေါ့ဗျာ။ အထူးသဖြင့် ကျနော်တို့ စစ်ကိုင်းအညာဒေသက သိမ်းပိုက်ရရှိတဲ့ နယ်မြေတွေမှာ ထိရောက်တဲ့ အုပ်ချုပ်ရေးယန္တရားကို လျင်လျင်မြန်မြန်ထူထောင်နိုင်ဖို့က စိန်ခေါ်မှုတွေ အခက်အခဲတွေရှိနိုင်ပါတယ်ဗျ" လို့ ပြောပါတယ်။

အောက်တိုဘာ ၂၇ ရက်နေ့မှာ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ကစတင်ခဲ့တဲ့ ထိုးစစ်ဟာ အချိန်တပတ်ကျော်အတွင်းမှာ ထိရောက်အောင်မြင်မှုတွေရှိခဲ့ပြီး မြို့ ၉ မြို့အထိ သိမ်းယူနိုင်ခဲ့သလို စစ်ကောင်စီဘက်က စခန်း ၁၅၀ ကျော် လက်လွှတ်ခဲ့ရတာပါ။ 

အဲ့ဒီနောက်ပိုင်းမှာ စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ်နယ်စပ်နဲ့ ရှမ်းပြည်နယ် စပ်မြို့နယ်တွေမှာလည်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်ရေးအရှိန်မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013