
တောင်ကိုးရီးယား၊ ဂျပန်နဲ့ အမေရိကန်တို့ရဲ့ ကာကွယ်ရေးဦးစီးချုပ်တွေဟာ မြောက်ကိုရီးယား ဒုံးကျည်တွေနဲ့ ပတ်သက်ပြီး အချိန်နဲ့တပြေးညီ အချက်အလက် ဒေတာမျှဝေမှုအစီအစဉ်ကို ဒီဇင်ဘာလမှာ စတင်ဖို့ သဘောတူညီခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၂ ရက်မှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စ်တင်ဟာ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ရှင်းဝမ်ဆစ်ကို တနင်္ဂနွေနေ့က ဆိုးလ်မြို့တော်မှာ တွေ့ဆုံခဲ့ပြီး ဂျပန်ကာကွယ်ရေးဝန်ကြီး မီနိုရု ခီဟာရာ နဲ့ အွန်လိုင်းမှာ တွေ့ဆုံခဲ့ပါတယ်။
ဝန်ကြီးတွေဟာ မြောက်ကိုရီးယားရဲ့ ပြီးပြည့်စုံတဲ့ နျူကလီးယားကင်းစင်ရေး အောင်မြင်ဖို့အတွက် သူတို့ရဲ့သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရေး ဆွေးနွေးခဲ့ကြပါတယ်။
ဒါ့အပြင် ဝန်ကြီးတွေဟာ မြောက်ကိုရီးယားရဲ့ နျူလက်နက် ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုအပေါ် ပြင်းထန်စွာ စိုးရိမ်ကြောင်းလည်း ဖော်ပြခဲ့ကြတယ်လို့ ဆိုးလ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဝန်ကြီးတွေဟာ မြောက်ကိုရီးယားနဲ့ ရုရှားတို့ကြား တိုးလာနေတဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုက ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်တာဖြစ်တယ်လို့လည်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် ထိုင်ဝမ်ရေလက်ကြားတလျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးရဲ့ အရေးပါမှုကိုလည်း အလေးပေးပြောကြားခဲ့ပါတယ်။
သီးခြားအနေနဲ့ အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး ချားလ်စ်ကယူ ဘရောင်းန် ဟာ ဆိုးလ်မှာ တောင်ကိုရီးယားကာကွယ်ရေး ဦးစီးချုပ်နဲ့ တနင်္ဂနွေနေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters











