
ဂါဇာစီးတီးရှိ အင်ဒိုနီးရှားဆေးရုံမှာ လျှပ်စစ်မီးပြတ်တောက်နေလို့ လက်ကိုင်ဖုန်းပေါ်ကနေ မီးရောင်တွေ သုံးပြီး ဒဏ်ရာရသူတွေကို ဆရာဝန်တွေက ကုသပေးနေရပြီး ဆေးရုံစင်္ကြံမှာ လူတွေ ပြည့်နေပါတယ်။
ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်းရှိ ဆေးရုံတွေကို အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေက ပိုမိုပြင်းထန် လာတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတဲ့ဒေသရှိ ဆေးရုံတွေမှာ လောင်စာဆီ ကုန်သွားလို့ မွေးကင်းစကလေး ၂ ဦးသေဆုံးခဲ့ရပြီး ဒါဇင်နဲ့ချီတဲ့ ကလေးတွေလည်း အန္တရာယ်ရှိနေကြောင်း ပါလက်စတိုင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
ပါလက်စတိုင်း အရပ်သားအရေးနဲ့ ပတ်သက်တဲ့ အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးကြီး မိုရှေး တက်ထရိုက ဂါဇာမြို့ရှိ အလ်ရှီဖှာ ဆေးရုံကို ပစ်ခတ်ခြင်းမပြုပေမဲ့ ဆေးရုံအနီး တဝိုက်မှာတော့ ဟားမတ်စ် စစ်သွေးကြွတွေနဲ့ ထိပ်တိုက် တွေ့ဆုံမှုတွေ ရှိနေကြောင်း နိုဝင်ဘာ ၁၁ ရက်မှာ ပြောကြားခဲ့ပြီး အဲဒီကလူတွေဟာ ဆေးရုံကနေ ဘေးကင်းကင်း ထွက်ခွာနိုင်ဆဲ ဖြစ်ကြောင်းလည်း ပြောဆိုပါတယ်။
ဆေးရုံအရှေ့ဘက်ခြမ်းကို ဘေးကင်းကင်းနဲ့ ပြောင်းရွှေ့ ထွက်ခွာချင်သူတိုင်းအတွက် လမ်းကြောင်း ဖွင့်ပေးထားတယ်လို့လည်း ဗိုလ်မှူးကြီးမိုရှေးက အာရပ်ဗီဒီယို မက်ဆေ့ချ်မှာ ပြောထားပါတယ်။
ဟားမတ်စ်ထိန်းချုပ်ထားတဲ့ ဂါဇာရှိ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်ရှ်ရပ်ဖှ် အလ်ကီဒရာက အစ္စရေးစစ်တပ်က စနိုက်ပါသမားတွေဟာ ဆေးရုံရဲ့ ခေါင်မိုးပေါ်ကနေ ဆေးဘက်ဆိုင်ရာ အဆောက်အအုံထဲကို အခါအားလျော်စွာ ပစ်ခတ်ခဲ့ပြီးတော့ ဆေးဘက်ဆိုင်ရာနဲ့ လူတွေကို ရွှေ့ပြောင်းနိုင်စွမ်းကို ကန့်သတ်ထားတယ်လို့ ပြောပါတယ်။
အစ္စရေးစစ်တပ်ကလည်း ဂါဇာမြောက်ပိုင်းရှိ ဆေးရုံတွေမှာ ခိုလှုံနေကြတဲ့ ဆရာဝန်တွေ၊ လူနာတွေ၊ ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ခွာကြမှသာ ဆေးရုံရဲ့ အောက်ဖက်နဲ့ အနီးတဝိုက်မှာ ကွပ်ကဲရေးဌာနတွေ လုပ်ထားတဲ့ ဟားမတ်စ်တွေကို ချေမှုန်းနိုင်မှာဖြစ်တယ်လို့ ပြောထားပါတယ်။
ဟားမတ်စ်တွေကလည်း ဆေးရုံတွေကို ဒီလိုနည်းလမ်းတွေ အသုံးပြုထားတယ်ဆိုခြင်းကို ငြင်းဆိုထားပါတယ်။
Source/Photo-Reuters










