DVB Logo
Home
မြန်မာသတင်း
နောင်ချိုတွင် စစ်တပ်အင်အားဖြည့်၊ သီပေါကျင်သီတံတားကို ပူးပေါင်းတပ်များ သိမ်းပိုက်
DVB
·
November 12, 2023
နောင်ချိုတွင် စစ်တပ်အင်အားဖြည့်၊ သီပေါကျင်သီတံတားကို ပူးပေါင်းတပ်များ သိမ်းပိုက်
Donate to DVB

သီပေါမြို့နယ်က ကျင်သီတံတားရဲကင်းကို TNLA တအာင်းတပ်နဲ့ ပူးပေါင်းအဖွဲ့တွေက ဒီကနေ့ နိုဝင်ဘာ ၁၂ ရက်၊ မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး နောင်ချိုအခြေစိုက် ၁၁၄၊ ၁၁၅ စစ်ကောင်စီတပ်မှာ ‌နိုဝင်ဘာ ၁၀ ရက်ညကစလို့ စစ်ကောင်စီဘက်က ပြန်လည်နေရာယူ အင်အားဖြည့်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းမကြီးပေါ်မှာရှိတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်က ကျင်သီတံတားရဲကင်းကို TNLA တအာင်းတပ်နဲ့ ပူးပေါင်းအဖွဲ့တွေက ဒီကနေ့ နိုဝင်ဘာ ၁၂ ရက်၊ မနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျင်းသီရွာခံတယောက်က “ဒီနေ့မနက် အစောကတည်းက တော်လှန်ရေးတပ်ဖွဲ့တွေက ဘုရားထဲရောက်နေတာ။ နှစ်ဖက်ပစ်ကြတော့ ကျင်သီတံတား ပဲ့ သွားတယ်။ ရွာထဲက အိမ်တလုံးတော့ လက်နက်စထိလို့ နည်းနည်းပျက်စီးသွားတယ်။ အိမ်ထဲက အိမ်ပြင်တောင် မထွက်ရဲဘူး။ ကျင်သီတံတားစောင့်တဲ့ စခန်းကိုတော့ သိမ်းလိုက်ပြီ” လို့ ပြောပါတယ်။

တိုက်ပွဲကြောင့် ကျင်သီတံတားထိခိုက်ပျက်စီးတာရှိပေမယ့် ဆိုင်ကယ်နဲ့ ကားလေးတွေ သွားလို့ရပြီး ကားကြီးတွေကတော့ မဖြတ်ရဲလို့ မဖြတ်ကြသေးဘူးလို့လည်း ရွာခံတွေကဆို ပါတယ်။ 

မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့နဲ့ PDF ပူးပေါင်းတပ်တွေဖော်ဆောင်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ ၁၆ ရက်မြောက်အဖြစ် ရှမ်းပြည်မြောက်ပိုင်းက ကိုးကန့်ဒေသနဲ့ တအာင်းဒေသအပါအဝင် လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ ကွမ်းလုံ၊ နောင်ချို၊ နမ်းခမ်းစတဲ့ မြို့ နယ်တွေမှာ ပစ်ခတ်ခိုက်တိုက်မှုတွေရှိနေပါတယ်။

၁၀၂၇ စစ်ဆင်ရေးရဲ့ ၁၆ ရက်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ စခန်းအကြီးအ သေးပေါင်း ၁၃၀ ကျော်နဲ့ သိန္နီ၊ ချင်းရွှေဟော်၊ ကြူကုတ်(ပန်ဆိုင်း)၊ မုံးကိုး၊ ဖောင်းဆိုင်နဲ့ ကွမ်းလုံမြို့တို့ကို ထိန်းချုပ်ထားနိုင်ပြီ လို့ ထုတ်ပြန်ထားပါတယ်။

နောင်ချိုအခြေစိုက် ၁၁၄၊ ၁၁၅ စစ်ကောင်စီတပ်မှာ ‌နိုဝင်ဘာ ၁၀ ရက်ညကစလို့ စစ်ကောင်စီဘက်က ပြန်လည်နေရာယူ အင်အားဖြည့်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

နောင်ချိုနဲ့ ဝက်ဝံကြားမှာရှိတဲ့ ဒေသခံတယောက်က "ဂုတ်တွင်း၊ ရှုခင်းသာဘက်တော့ မရောက်သေးဘူး။ အဲဘက်တော့ မရောက်နိုင်သေးဘူး။ ဒီ ၁၁၄၊ ၁၁၅ အကုန်ပြည့်သွားပြီ။ မနေ့ညက တွဲကားကြီးတွေ အစီး ၂၀ တဝီးဝီးနဲ့ တင်လာတယ်" လို့ ပြောပါတယ်။ 

၁၀၂၇ စစ်ဆင်ရေး အဖွဲ့တွေက လက်ရှိ ခဏရှောင်ထားပြီး အင်အားအလုံးအရင်းနဲ့ ပြန်ထိုးမယ့် အခြေအနေရှိနေတယ်လို့ သူက ပြောပါတယ်။

ရေဝင်ရွာဒေသခံတယောက်က “အခု ကားတွေဆင်းလာလို့ ကျမတို့တောင် အံ့ဩနေတာ။ အဲဘက် ပိတ်မိသွားတဲ့ ကားတွေ ထင်တယ်။ မနေ့ည ဒီကနေတက်လာကြတယ်” လို့ ပြောပါတယ်။ 

မနေ့ကတော့ နောင်ချိုကို မရောက်နိုင်သေးဘူး ကြားပေမဲ့ မနေ့ညပိုင်းမှာ စစ်ကားတွေရော၊ တွဲကားတွေပါ အများကြီးတက်လာတာတွေ့ရတယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်တွေမှာတော့ သောင်းကျန်းသူတွေကို ရှင်းလင်း ဖယ်ရှားပြီး ပျက်စီးခဲ့သည့်လမ်းပိုင်းတွေကို အမြန်ဆုံးပြုပြင်ခဲ့တာကြောင့် ဒီနေ့ကစပြီး မန္တလေး-ပြင်ဦးလွင်-နောင်ချို ကားလမ်းကို အများပြည်သူများ လုံခြုံစိတ်ချစွာ အသုံးပြု သွားလာနိုင်ပြီဖြစ်တယ်လို့ နိုဝင်ဘာ ၁၁ ရက်မှာ ကြေညာထားပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေယာဉ်နဲ့ အကြိမ်ကြိမ် ဗုံးလာကြဲခဲ့ပြီး လက်ရှိမှာတော့ အောက်ဘက်ပိုင်းက အင်အားအလုံးအရင်းနဲ့ နဂိုကထက် ပို အင်အား ဝောာင့်‌တင်းအောင်ဖြည့်လာတာတွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ.  PSLF/TNLA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013