DVB Logo
Home
မြန်မာသတင်း
သိန္နီစစ်ရှောင်များ တိုက်ပွဲကြောင့် လာရှိုးမြို့ပေါ်ထပ်မံရွှေ့ပြောင်းရ
DVB
·
November 12, 2023
သိန္နီစစ်ရှောင်များ တိုက်ပွဲကြောင့် လာရှိုးမြို့ပေါ်ထပ်မံရွှေ့ပြောင်းရ
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်၊ နာဆော့ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်နေရတဲ့ ဒေသခံ ၂၀၀ နီးပါးဟာ တိုက်ပွဲတွေကြောင့် လာရှိုးမြို့ပေါ်ကို ထပ်ပြီး စစ်ဘေးရှောင် နေရတယ်လို့ လာရှိုးမြို့ ပရဟိတအသင်းတွေဆီက သိရပါတယ်။

သိန္နီမြို့နယ်၊ ဖိုင်မော့ကျေးရွာနဲ့ ဆွန်ခိုင်းကျေးရွာတို့က ရွာသား ၁၀၀ လောက်ဟာ အောက်တိုဘာ ၂၈ ရက်နေ့ကတည်းက ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် သိန္နီမြို့နယ်၊ နာဆော့ကျေးရွာ ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်နေရပါတယ်။

အဲဒီနောက် နာဆော့ကျေးရွာနားမှာ တိုက်ပွဲတွေ ထပ်ဖြစ်လာလို့ နာဆော့ ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်နေရတဲ့ ဖိုင်မော့ကျေးရွာနဲ့ ဆွန်ခိုင်းကျေးရွာသား တို့အပြင် နာဆော့ကျေးရွာသားတွေပါ နိုဝင်ဘာ ၁၀ ရက်‌နဲ့ ၁၁ ရက်နေ့တို့က ပရဟိတ အသင်းတွေရဲ့ အကူအညီနဲ့ လားရှိုးမြို့ပေါ်ကို ထပ်မံရွှေ့ ပြောင်းခဲ့ရပါတယ်။

လာရှိုးမြို့ပေါ်ရှိ ပရဟိတသမားတယောက်က “သူတို့စစ်ဘေးရှောင်နေတဲ့ နေရာနားမှာ တိုက်ပွဲထပ်ဖြစ်နေလို့ လာရှိုးဘက်ကိုရွှေ့ချင်တယ်ဆိုပြီး အကူအညီတောင်းလို့ ကျနော်တို့ သွားရွှေ့ပေးခဲ့ရတာပါ။ နာဆော့မှာ စစ်ရှောင်နေတဲ့သူ‌တွေရော၊ ဒေသခံတွေပါ ထပ်ရှောင် ရတာ။ အသင်းတွေရဲ့ လူမှုကူညီရေး အသင်းကားတွေနဲ့ပဲ ခေါ်ခဲ့တာပါ” လို့ ပြောပါတယ်။

စစ်ရှောင် ၂၀၀ လောက်ကို လာရှိုးမြို့ပေါ် ၁၁ ရပ်ကွက်ရှိ တောရကျောင်း ပရိယတ္တိ စာသင်ကျောင်းတိုက်နဲ့ လားဟူခရစ်ယာန်ကျောင်းတို့မှာ နေရာချထားပေးတယ်လို့ သူက ဆက်ပြောပါတယ်။

လာရှိုးမြို့ပေါ်က စစ်ဘေးရှောင်တွေဟာ ဆောင်းတွင်းဖြစ်တာကြောင့် အနွေးထည်၊ စောင်နဲ့ အစားအသောက်တွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီသူတယောက်က ပြောပါတယ်။

"စစ်ဘေးက ဘယ်အချိန်ထိ ဖြစ်ဦးမှာ မသိသေးတဲ့အတွက် စစ်ရှောင်သက် ကြာလာတာနဲ့ အမျှ အကူအညီတွေက လိုအပ်နေတာပဲ။ ဒီဘက်မှာက အသီးအရွက်တွေ ပေါတော့ ဆန်ပဲလိုအပ်တာ။ နောက်ပြီး ဆောင်းတွင်းဖြစ်တော့ အနွေးထည်တွေနဲ့ စောင် လိုအပ်တယ်"လို့ပြောပါတယ်။

သိန္နီမြို့နယ်နဲ့ လာရှိုးမြို့နယ်ကျေးရွာတွေက ဒေသခံ  ၁၀,၀၀၀ နီးပါးဟာ တိုက်ပွဲစတင်တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကစလို့ လားရှိုးမြို့ပေါ် ဘာသာရေးကျောင်းတွေမှာ တိမ်းရှောင်နေရပါတယ်။

လားရှိုးမြို့ရှောင်လမ်းပေါ်မှာလည်း အောက်တိုဘာ ၂၇ ရက်နေ့ကတည်းက ခရီးသွား ပြည်သူ ၃၀၀ လောက် ပိတ်မိနေပြီး အစားအသောက် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ အောက်တိုဘာ ၂၇ ရက်ကစပြီး စစ်ကြေညာ တိုက်ပွဲစတင်ခဲ့တဲ့ TNLA၊ MNDAA၊ AA စတဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူ ၄၇,၄၀၀ ကျော်အထိ ရှိလာပြီလို့ UNOCHA Myanmar က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013