DVB Logo
Home
မြန်မာသတင်း
ကော့ကရိတ်နှင့် ပခုက္ကူတွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး ၈ ဦး ဒဏ်ရာရ
DVB
·
November 12, 2023
ကော့ကရိတ်နှင့် ပခုက္ကူတွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး ၈ ဦး ဒဏ်ရာရ
Donate to DVB

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ အမှတ် ၁၂ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်-စကခ ၁၂ နဲ့ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခံရပြီး မကွေးတိုင်း၊ ပခုက္ကူမှာလည်း စစ်ကောင်စီကား ၂ စီး မိုင်းခွဲခံရလို့ ၈ ယောက် ဒဏ်ရာရသွားပါတယ်။

၁၁၁၁ အထိမ်းအမှတ်အဖြစ် နိုဝင်ဘာ ၁၁ ရက်နေ့က ကရင်ပြည်နယ်၊ စကခ ၁၂ နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်နက်ကြီးကုန်းနဲ့ စစ်ဆေးရေးကုန်းရှိတဲ့ လှိုင်ဝတံတား အနီးကို ဗုံးသီး ၃ လုံး ကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးမှုကို အတည်မပြုနိုင်သေးဘူးလို့ မြေပြင် ဒရုန်းတပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။

“ကော့ကရိတ်မြို့ထဲမှာပဲပေါ့နော်။ လှိုင်ဝတံတားနားမှာက လက်နက်ကြီးကုန်းတွေ ဘာတွေရှိတယ်။ စစ်ဆေးရေးဂိတ်လည်း ရှိပါတယ်။ စကခ ၁၂ ဝန်းကို လုံခြုံရေး တင်းကျပ် အဝင်အထွက် ပိတ်ထားတယ်လို့တော့ ကနဦးသိရတယ်။ သူတို့ဘက်က အသေအပျောက်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။ ၁၁၁၁ ကို အဓိက ရည်ညွှန်းပါတယ်။ တလှိုင်းပြီး တလှိုင်းလာမယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့နဲ့ အောက်တိုဘာ ၃၁ ရက်နေ့ကလည်း အခုတိုက်ခိုက်ခဲ့တဲ့ မြေပြင်ဒရုန်းတပ်ဖွဲ့တွေက ကော့ကရိတ်နယ်ထဲက စစ်ကောင်စီအခြေစိုက် တပ်ရင်း၊ လက်နက်ကြီးကုန်း၊ စစ်ဆေးရေးဂိတ်တွေနဲ့ တပ်စွဲထားတဲ့နေရာတွေကို တိုက်ခိုက်ခဲ့ ပါသေးတယ်။

မကွေးတိုင်း၊ ပခုက္ကူမြို့မှာတော့ နိုဝင်ဘာ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက စစ်ကောင်စီကား ၂ စီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၈ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ ၂ - Young Force UG ဆီကနေ သိရပါတယ်။

ပခုက္ကူမြို့ကနေထွက်လာတဲ့ စစ်ကောင်စီကား ၂ စီးကို ပခုက္ကူ-ရေစကြိုကားလမ်း ပခုက္ကူမြို့အထွက်က ဆီဆိုင်နားမှာ မိုင်း ၃ လုံးလောက်ဆွဲ ပြီး တိုက်ခိုက်ခဲ့တာလို့ Young Force UG ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီရဲ့ကားတွေ ပျက်စီးသွားပြီး ၈ ယောက် ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာရရှိတဲ့သူတွေကို ခလရ ၂၅၉ တပ်ထဲကို ခေါ်သွားပြီး ဆေးရုံကြီးက ဆရာဝန်တွေကို တပ်ထဲကိုခေါ်ပြီး ကုသနေကြတယ်လို့ ဆိုပါတယ်။

ပခုက္ကူ-ရေစကြို ကားလားပေါ်မှာ ကားမှန်ချပြီးမှ မောင်းနှင်ကြဖို့ ထုတ်ပြန်ထားပေးမယ့် နိုဝင်ဘာ ၈ ရက်နေ့က မှန်မချဘဲ မောင်းလာတဲ့ကားတစီးကို မသင်္ကာလို့ မိုင်းဆွဲခဲ့ရာ ကားပျက်စီးသွားလို့ မြို့ထဲက ကားတစီးနဲ့ လာရောက်ဆွဲယူသွားတယ်လို့လည်း ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပခုက္ကူ ပကဖ တပ်ခွဲ ၂ ဖြစ်တဲ့ Young Force UG နဲ့ Pakokku Ranger တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို ဒီဗွီဘီက သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီ ဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013