Home
မြန်မာသတင်း
ဗိုလ်တထောင်တွင် တိုက်ခန်းမီးလောင်၊ လူ ၁၃ ဦး ဒဏ်ရာရ
DVB
·
November 12, 2023

ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်၊ ဘိုကလေးစျေးအနောက်က ၄ ထပ်တိုက်မှာ ဒီနေ့ နိုဝင်ဘာ ၁၂ ရက် မနက်ပိုင်းက မီးလောင်ခဲ့ပြီး လူ ၁၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြန်မာမီးသတ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။

မီးလောင်မှုကို မနက် ၆ နာရီခွဲလောက်မှာ ရပ်ကွက်နေသူတွေက ဖုန်းဆက် အကြောင်းကြားခဲ့တာဖြစ်ပြီး ဗိုလ်တထောင်မီးသတ်နဲ့ Level 1 အဆင့် မီးငြှိမ်းသတ်ယာဉ် ရေသယ်ယာဉ်တွေနဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့ကြပါတယ်။ 

ရပ်ကွက်နေသူတယောက်က “မနက် ၆ နာရီကျော်ကတည်းက မီးခိုးတွေ အူထွက်နေတာ။ မီးတောက်က ကြီးတယ်။ ဘိုကလေးဈေးအနောက်က တိုက်တန်းတွေမှာ လောင်တာ။ အပေါ်ထပ်ကလူတွေက ခေါင်မိုးပေါ် တက်ပြေး သူတွေလည်း ရှိတယ်။ မြင်ရသလောက် မီးသတ်ကရိန်းနဲ့ ဆွဲ‌ထုတ်ရတဲ့သူတွေလည်း ရှိတယ်” လို့ ပြောပါတယ်။

မီးလောင်မှု‌ကြောင့် မီးစွဲလောင်သွားတဲ့ တိုက်ခန်းတွေမှာပိတ်မိ‌နေတဲ့ အသက် ၇၀ အရွယ် အဘွား ၁ ယောက် အပါအဝင် အမျိုးသမီး ၅ ယောက်၊ အမျိုးသား ၈ ယောက်တို့ကို မီးသတ်တပ်ဖွဲ့ဝင်တွေက အချိန်မီကယ်ဆယ်နိုင်ခဲ့တာကြောင့် မီးခိုးမွှန်၊ အပူလောင် ဒဏ်ရာတွေပဲ ရရှိခဲ့ပါတယ်။

မီးသတ်တပ်ဖွဲ့တွေနဲ့ ကယ်ဆယ်ရေးအသင်းတွေ ပူးပေါင်းငြှိမ်းသတ်ခဲ့တာကြောင့် မနက် ၇ နာရီလောက်မှာ မီးထိန်းနိုင်ခဲ့ကာ ၇နာရီ ၁၇ မိနစ်မှာ မီးငြိမ်းသွားပါတယ်။

မီးလောင်မှုအတွင်း ၄ ထပ်တိုက်ရဲ့တတိယထပ်နဲ့ စတုတ္ထထပ်က တိုက်ခန်း ၄ ခန်းဟာ ပျက်စီးသွားပြီး ဒုတိယထပ် ညာဘက်ခြမ်း တိုက်ခန်းလည်း ပျက်စီးမှုအနည်းငယ် ရှိခဲ့ပါတယ်။ 

အရပ်ဖက်ကယ်ဆယ်ရေးအသင်းဝင်တယောက်က “ထိခိုက်သူ အမျိုးသား ၈ ဦး အမျိုးသမီး ၅ ဦးပါ။ သက်ကြီးအဖွားလည်း ပါတယ်။ အမျိုးသားတွေရော အသက်‌ ၄၀ ကျော်တွေလည်း ပါတယ်။ ရန်ကုန်ဆေးရုံကြီး ပို့ဆောင်ထားပါတယ်။ တိုက်က လှေကားတွေက ကျဉ်းတော့ မီးသတ်တွေ ကူညီရတာခက်ခဲတယ်” လို့ ပြောပါတယ်။

မီးလောင်ရတဲ့ အကြောင်းအရင်းအမှန်နဲ့ ပျက်စီးမှုတန်ဖိုးကို မီးသတ်တပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ထိခိုက်လူနာ ၁၃ ယောက်ကို အရပ်ဘက် ကယ်ဆယ်ရေး အသင်းယာဉ်တွေနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးထားပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024