DVB Logo
Home
မြန်မာသတင်း
မြစ်ကြီးနားတွင် ဆီဆိုင်တချို့ပိတ်ပြီး အကန့်အသတ်ဖြင့်သာ ရောင်းချနေ
DVB
·
November 12, 2023
မြစ်ကြီးနားတွင် ဆီဆိုင်တချို့ပိတ်ပြီး အကန့်အသတ်ဖြင့်သာ ရောင်းချနေ
Donate to DVB

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ  နိုဝင်ဘာ ၁၁ ရက် နေ့လယ်ပိုင်းက စလို့ စက်သုံးဆီ အရောင်းဆိုင်တချို့ပိတ်ထားပြီး တချို့ဆိုင်တွေကတော့ အကန့်အသတ်နဲ့ပဲ ရောင်းချ နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်သုံးဆီ ပြတ်လပ်နေတယ်လို့ သတင်းတွေ ထွက်လာပြီးနောက်ပိုင်း မြစ်ကြီးနားမြို့က စက်သုံးဆီ အရောင်းဆိုင်တွေမှာ စက်သုံးဆီ ဝယ်ယူစုဆောင်းသူများလာတဲ့အတွက် အခုလိုဖြစ်သွားတာလို့ ဆိုပါတယ်။

မြို့ခံတယောက်က “မနက် ၁၀ နာရီလောက်အထိက စက်သုံးဆီ လိုသလောက် ဝယ်လို့ရသေးတယ်။ နေ့လယ် ၁၂ နာရီနောက်ပိုင်း စက်သုံးဆီ ပြတ်လပ်နေတယ် ဆိုတဲ့ သတင်းတက်လာပြီးတဲ့နောက် စက်သုံးဆီ ဝယ်တဲ့သူတွေ အတော်များလာတယ်။ တချို့ဆိုင်တွေဆို ဆိုင်ပိတ်လိုက်တယ်။ တချို့ဆိုင်တွေကတော့ ဆိုင်ဖွင့်ထားပေမယ့် ဆီမရှိတော့ဘူး ဆိုပြီး လက်ခါပြတယ်။ တချို့ ဆိုင်တွေကတော့ တန်းစီ စနစ်နဲ့ တဦးကို ဘယ်လောက်ဆိုပြီး အကန့်အသတ်နဲ့ရောင်းချပေးတယ်” လို့ ပြောပါတယ်။

စက်သုံးဆီ ပြတ်လပ်တယ်ဆိုတဲ့ သတင်းမထွက်ခင် မနက်ပိုင်းက မြစ်ကြီးနားမြို့က စက်သုံးဆီ အရောင်းဆိုင်တွေမှာ ဓာတ်ဆီ 92 တလီတာ ၂၃၀၀ ကျပ် ဝန်းကျင်၊ 95 တလီတာ ၂၅၀၀ ကျော် ဝန်းကျင်နဲ့ ရောင်းချနေပြီး နေ့လယ်ပိုင်းမှာတော့ 92 တလီတာ ၂၄၀၀ ကျော်နဲ့ 95 တလီတာ ၂၈၀၀ ကျော်အထိ ဈေးမြင့်တက်သွားခဲ့ပါတယ်။

ယာဉ်မောင်းတယောက်က “မနက်ပိုင်း ဓာတ်ဆီသွားထည့်တော့ 92 တလီတာ ၂၃၀၀ ကျော်လောက်နဲ့ အကြိုက်ထည့်လို့ရတယ်။ စက်သုံးဆီပြတ်တယ်ဆိုတဲ့ အကြောင်း သတင်းတွေတက်လာတော့ ဆီဈေးလည်း ချက်ချင်း ထတက်သွားတယ်။ 92 တလီတာ ၂၄၀၀ ကျော်အထိ  နာရီပိုင်းအတွင်း ဈေးခုန်တက်သွားတယ်။ ဒါတောင် လိုသလောက် မရတော့ဘူး။ ကားတွေ၊ ဆိုင်ကယ်တွေ ဆီရဖို့တန်းစီနေတာပဲ” လို့ ပြောပါတယ်။

စက်သုံးဆီ အရောင်းဆိုင်တွေကတော့ မြစ်ကြီးနားမြို့ကို အခုရက်ပိုင်းအတွင်း စက်သုံးဆီကား မဝင်ရောက်သေးတဲ့အတွက် လက်ကျန်ဆီကို အကန့်အသတ်နဲ့ ရောင်းချပေးမှာ ဖြစ်တယ်လို့ ပြောပါတယ်။

စက်သုံးဆီ အရောင်းဆိုင် ဝန်ထမ်းတယောက်က “ကျနော်တို့ဆိုင်ရဲ့ စက်သုံးဆီကားက ဒီရက်ပိုင်းအတွင်း ဝင်ဖို့မရှိသေးဘူး။ ဆိုင်မှာ လက်ကျန်ရှိသလောက်တော့ ရောင်းပေးမယ်။ အကန့်အသတ်နဲ့ပဲ ရောင်းပေးနိုင်တော့မယ်။ ဆီကားက ဘယ်နေ့ ရောက်မလဲ ဆိုတာ မသိရဘူး” လို့ ပြောပါတယ်။

ကချင်ပြည်နယ်ထဲမှာ လိုင်စင်ရ စက်သုံးဆီအရောင်းဆိုင်  ၁၅၀ ကျော် ရှိပြီး မြစ်ကြီးနား မြို့မှာ လိုင်စင်ရ  ဆိုင် ၃၀ ကျော် ရှိပေမဲ့ တချို့ဆိုင်တွေမှာ ဆီမရောင်းတော့လို့ အကန့်အသတ်နဲ့ ရောင်းတဲ့ဆိုင်တွေမှာ တန်းစီဝယ်ယူနေကြရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013