DVB Logo
Home
မြန်မာသတင်း
ဟိုင်းကြီးကျွန်းတွင် ရှားပါး ဝေလငါးမန်း ၁ ကောင် သောင်တင်သေဆုံး
DVB
·
November 11, 2023
ဟိုင်းကြီးကျွန်းတွင် ရှားပါး ဝေလငါးမန်း ၁ ကောင် သောင်တင်သေဆုံး
Donate to DVB

ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စု၊ ငွေဝောာင်ကမ်းခြေမှာ မနေ့မ နက်ပိုင်းက ဝေလငါးမန်းတကောင် သောင်တင်သေဆုံးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ငါးမန်းဖလောင်းလို့လည်း အဲဒီ ဝေလငါးမန်းဟာ အရှည် ၁၇ ပေရှိတဲ့ Rhincodon typus မျိုးစိတ်ဖြစ်ပြီး မြန်မာ့ကမ်းရိုးတန်းတလျှောက်လှည့်လည်သွားလာနေတဲ့ ရှားပါးမျိုးစိတ် ဖြစ်ပါတယ်။

Native Species Conservation and Identification က ကိုဝင်းပိုင်ဦးက “သူတို့ကို ရှော့တိုက်လို့မရဘူး။ သေတာကတော့ ရိုးရိုးသေတာလို့ ထင်ပါတယ်။ သောင်တင်နေပြီး ရေထဲပြန်မဆင်းနိုင်တာကြောင့် သေတာဖြစ်နိုင်ပါတယ်။ လူတွေကလည်း မနက်မှ မြင်တော့ တညလုံး သောင်တင်နေခဲ့ပြီးသေတာဖြစ်မယ်” လို့ ပြောပါတယ်။

အခုသောင်တင်သေဆုံးနေတဲ့ ဝေလငါးမန်းဟာ အကောင်ပေါက်အရွယ်ပဲ ရှိသေးလို့ အကြောင်းတခုခုကြောင့် သောင်တင်နေတာဖြစ်နိုင်ပြီး အသက်ကြီးအိုမင်းတာကြောင့် သေတာ မဟုတ်ဘူးလို့ သူက သုံးသပ်ပါတယ်။

အရွယ်ရောက်ပြီးသား ဝေလငါးမန်း တကောင်ဟာ ၂၁ ပေခွဲကနေ ၄၁ ပေခွဲထိ အလျားရှိနိုင်ပြီး အလေးချိန်ကတော့ ၂၁ တန်ခွဲ(ပေါင် ၄၇,၀၀၀) ထိ ရှိနိုင်တာကြောင့် ဝေလငါးမန်းကို ငါးမန်းမျိုးစိတ်ထဲမှာ အကြီးဆုံးမျိုးစိတ်အဖြစ် အတည်ပြုထားပြီး ယေဘုယျအားဖြင့် အသက် ၇၀ လောက်အထိ ရှင်သန်နိုင်တယ်လို့လည်း သိရပါတယ်။

ကမ်းတင်လာတဲ့ အကောင်ငယ်လေးတွေကို မသေသေးရင် လူအင်အားသုံးပြီး ပင်လယ်ဘက် ပြန်တွန်းပို့ပေးဖို့ Ngwe Saung Princess Boat Trip က အကြံပြုထား ပါတယ်။

ဒီဝေလငါးမန်းတွေက အစာကိုစားတဲ့အခါ ဖမ်းပြီး ကိုက်ဝါးပြီးစားတာမဟုတ်ဘဲ ရေကို ပါးစပ်နဲ့စုပ်ယူလိုက်ပြီး အဲဒီရေထဲပါလာတဲ့ ငါးတွေနဲ့ သေးငယ်တဲ့ ပင်လယ်နေ သတ္တဝါတွေကို ပါးဟက်ဘေးက စစ်လိုက်ပြီး မြိုချတာကြောင့် ပင်လယ်သမုဒ္ဒရာထဲက ပလက်စတစ်အမှိုက်စတွေကိုလည်း မြိုချမိတယ်လို့ ပညာရှင်တွေကဆိုပါတယ်။

သူတို့ရဲ့မစင်ကို စစ်ဆေးလိုက်တဲ့အခါမှာလည်း မစင်ထဲမှာ မိုက်ခရိုပလပ်စတစ်တွေ ပါဝင်နေတယ်လို့ စာတမ်းတွေကဖော်ပြထားပြီး ကြာလာရင် ဒီပလပ်စတစ်တွေကြောင့် ဝေလငါးမန်းခေါ် ငါးမန်းဖားလောင်းတွေ မျိုးသုဉ်းမှုအန္တရာယ်ကြုံလာရနိုင်တာကြောင့် ပလပ်စတစ်တွေလျှော့သုံးဖို့ကိုလည်း ကိုဝင်းပိုင်ဦးက အကြံပြုထားပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့ကလည်း အင်ဒိုနီးရှားနိုင်ငံ၊ ဂါရွန်ဂန် ကမ်းခြေမှာ ဝေလငါးမန်းတကောင် ဒီရေကြောင့် သောင်တင်သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013