
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးမြို့မှာ ဒုစုံစမ်းစစ်ဆေးရေးမှူး အယောင်ဆောင်သူက စက်သုံးဆီဆိုင် ၃ ဆိုင်ရဲ့ လုပ်ငန်းရှင်တွေဆီကနေ အဓမ္မခြိမ်းခြောက်ကာ ငွေတောင်းယူခဲ့တယ်လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဇူလိုင် ၇ ရက်က ဟိုင်းကြီးကျွန်းမြို့နယ်၊ ခမောက်မော်ကျေးရွာက စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တွေဖြစ်တဲ့ ဒေါ်အေးအေးတင်၊ ဒေါ်သန်းသန်းစိုး၊ ဦးမြတ်ထွန်းသစ်တို့ဆီကို ဆိုင်ကယ် ကယ်ရီမောင်းသူ ဦးသန်းမြင့် ဆိုင်ကယ်နဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတယောက် ရောက်လာပြီး စုံစမ်းစစ်ဆေးရေးဦးစီးဌာနက ဒုစုံစမ်းရေးမှူး ဖြစ်တယ်လို့ ပြောဆိုကာ ဆီဆိုင်တွေကို ဖမ်းဆီးလို့ ရပြီး တောင်းတဲ့ငွေကို မပေးပါက ဖမ်းဆီးထောင်ချမယ်လို့ ပြောပြီး ငွေတောင်းခံခဲ့တယ်လို့ သိရပါတယ်။
ဒုစုံစမ်းစစ်ဆေးရေးမှူး ဆိုသူက တောင်းတဲ့ငွေကို ဒေါ်အေးအေးတင်က ကျပ် ၃၀,၀၀၀၊ ဒေါ်သန်းသန်းစိုးက ငွေကျပ် ၃၀,၀၀၀၊ ဦးမြတ်ထွန်းသစ်က ငွေကျပ် ၅၀,၀၀၀ ပေးလိုက်ရတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “စက်သုံးဆီ အရောင်းဆိုင်ရှင်တွေက မသင်္ကာလို့ ရဲစခန်းကို ဖုန်းဆက် တိုင်လိုက်တာ။ ရဲက အခုဖမ်းသွားပြီ ဒုစစ်ဆေးရေးမှူးလို့ဆိုသူကို။ ဟန်ဆောင်အလိမ်သမားလို့ ပြောတယ်” လို့ ပြောပါတယ်။
ဒုစုံစမ်းစစ်ဆေးရေးမှူးဆိုသူ ဟိုင်းကြီးကျွန်းမြို့၊ ၁ ရပ်ကွက်မှာ ရောက်ရှိနေတယ်လို့ သတင်းရတာကြောင့် စစ်အာဏာရှင်လက်အောက်ခံ ရဲတပ်ဖွဲ့က သွားရောက်ရှာဖွေ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက “ဒုစုံစမ်းစစ်ဆေးရေးမှူး ဆိုသူကို ဟိုင်းကြီးကျွန်းမြို့၊ ၂ ရပ်ကွက်က ကောင်းစည် စားသောက်ဆိုင်မှာ ဖမ်းမိခဲ့တာ” လို့ ပြောပါတယ်။
စက်သုံးဆီအရောင်းဆိုင်ရှင်တွေဆီက ဒုစုံစမ်းစစ်ဆေးရေးမှူးဆိုပြီး လိမ်လည်ကာ ငွေတောင်းခဲ့တဲ့ ရဲမင်းကို (ခ) မှုံကြီး ၊အသက် ၂၅ နှစ်၊ (ဘ) ဦးသန်းအောင်ဟာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၁၄ ရပ်ကွက်မှာ နေသူဖြစ်ပြီး ဟိုင်းကြီးကျွန်းနယ်မြေရဲစခန်းက ဖမ်းဆီး အမှုဖွင့်ထားတယ်လို့ သိရပါတယ်။










