
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့မှာ ဗိုက်ဆာလို့ အိမ်ရှင်ရဲ့ ငွေကျပ် ၅,၀၀၀ ယူပြီး မုန့်ဝယ်စားတဲ့ အိမ်အကူ ကလေးငယ်တယောက် ပင်လယ်ငါးဖမ်းလုပ်ငန်းဆီ ရောင်းစားခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဟိုင်းကြီးကျွန်းမြို့၊ အမှတ် (၁) ရပ်ကွက်၊ ရွှေယင်းမာလမ်းမှာ နေထိုင်တဲ့ ကိုနိုင်နိုင်ရဲ့ နေအိမ်မှာ အိမ်အကူအလုပ် လုပ်နေတဲ့ အသက် ၁၄ နှစ်အရွယ် မောင်ဝင်းအေးဟာ ဗိုက်ဆာလွန်းတာကြောင့် အိမ်ရှင်ရဲ့ငွေကျပ် ၅၀၀၀ ကိုယူကာ မုန့်ဝယ်စားခဲ့တာလို့ ဆိုပါတယ်။
ဇွန် ပထမအပတ်က ငွေကျပ် ၅၀၀၀ ယူပြီး မုန့်ဝယ်စားမိတဲ့ အိမ်အကူကလေးငယ်ကို အိမ်ရှင် ကိုနိုင်နိုင်က ငွေကျပ် ၅ သိန်းအထိ ခိုးယူခဲ့တယ်ဆိုပြီး စွပ်စွဲကာ ရပ်ကွက် အုပ်ချုပ်ရေးမှူး စိုးကျော်ဆီ သွားရောက်တိုင်ကြားခဲ့တာလို့ သိရပါတယ်။
အိမ်ရှင်ကိုနိုင်နိုင်ရဲ့ တိုင်ကြားချက်ကို စစ်အာဏာရှင် ခန့်ရပ်ကွက်အုပ်ချုပ်ရေးမှူး စိုးကျော်က အတည်ယူပြီး ငွေပြန်ရအောင် လုပ်ပေးမယ်ဆိုကာ လူပွဲစား ကိုပါဆယ်နဲ့ ပေါင်းပြီး အိမ်အကူမောင် ဝင်းအေးကို ကျောက်ချောင်းကျေးရွာက ပင်လယ်ပြင် ငါးဖမ်းလှေတစီးမှာ ၃ လစာ လုပ်အားခငွေ ကျပ် ၁၀ သိန်း ထုတ်ယူပြီး အဓမ္မရောင်းစားခဲ့တာလို့ သိရပါတယ်။
ဖြစ်စဉ်ကို သိရှိတဲ့ ဒေသခံတယောက်က “ကလေးကို အိမ်ရှင်ကခိုင်းတဲ့ အလုပ်တွေ မပြီးတာကြောင့်ဆိုပြီး ထမင်းမကျွေးတာလို့ သိရပါတယ်။ ကလေးက ဗိုက်ဆာတော့ ပိုက်ဆံယူပြီး မုန့်ဝယ်စားတာ။ ယူဝယ်စားတာက ကျပ် ၅,၀၀၀ ပါ။ အိမ်ရှင်ကငွေ ၅ သိန်းယူသွားတယ်လို့ စွပ်စွဲတာ” လို့ ပြောပါတယ်။
အသက် ၁၄ နှစ်အရွယ် အိမ်အကူ ကလေးငယ်ရဲ့ မိဘတွေဟာ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ ငရုတ်တာင်ရွာက ဦးဝင်းအောင်၊ ဒေါ်နန်းအေးတို့ဖြစ်ပြီး သားဖြစ်သူအား အိမ်ရှင်တွေက ပင်လယ်ငါးဖမ်းစက်လှေဆီ ရောင်းစားခဲ့တာကို လုံးဝမရှိသိခဲ့ဘူးလို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “ဒီကိစ္စက နစ်နာသူတွေဘက်က လက်မခံလို့ တကယ်လို့ ထိထိရောက်ရောက် ဆောင်ရွက်မယ်ဆိုရင် အသက် ၁၄ နှစ်သာရှိသေးတဲ့ ကလေးကို မိဘအုပ်ထိန်းသူတွေ မသိဘဲ အလုပ်သွားအပ်၊ ငွေထုတ်ယူခဲ့တာကြောင့် လူကုန်ကူးမှုနဲ့ အရေးယူခံရနိုင်ပါတယ်” လို့ ပြောပါတယ်။
ပင်လယ်ငါးဖမ်းစက်လှေဆီ ရောင်းစားတာကြောင့် ရရှိလာတဲ့လစာငွေ ကျပ် ၁၀ သိန်းကို အိမ်ရှင် ကိုနိုင်နိုင်က ကျပ် ၅ သိန်း၊ လူပွဲစား ကိုပါဆယ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ကျန်တဲ့ကျပ် ၅ သိန်းကို ခွဲယူခဲ့ကြတယ်လို့ သိရပါတယ်။
ကလေးငယ်ရဲ့ မိဘတွေက နွမ်းပါးတာကြောင့် ဥပဒေနဲ့အညီ တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ အကူအညီလိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။










