DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံမှ ရာသီချိန်လုပ်သားခေါ်မည့်သတင်း တောင်ကိုရီးယား ပြည်နယ်အစိုးရများ ငြင်း
DVB
·
November 11, 2023
မြန်မာနိုင်ငံမှ ရာသီချိန်လုပ်သားခေါ်မည့်သတင်း တောင်ကိုရီးယား ပြည်နယ်အစိုးရများ ငြင်း
Donate to DVB

မြန်မာနိုင်ငံကနေ ရာသီချိန်လုပ်သားတွေကို ကြံ့ခိုင်ရေးပါတီနဲ့ပေါင်းပြီးခေါ်ယူမယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်လို့ တောင်ကိုရီးယားပြည်နယ်အစိုးရတွေက ငြင်းဆို လိုက်ပါတယ်။

ထွက်ပေါ်နေတဲ့သတင်းတွေအပေါ် တောင်ကိုရီးယားနိုင်ငံက မြန်မာ့အရေး လှုပ်ရှားသူတွေနဲ့ မြန်မာ့အ‌ရေး ကူညီပံ့ပိုးပေးနေတဲ့ ကိုရီးယားအဖွဲ့အစည်းတွေက တရားဝင် ဆက်သွယ်မေးမြန်းတဲ့အပေါ် သက်ဆိုင်ရာ ပြည်နယ်အစိုးရတွေက ရှင်းလင်းဖြေကြားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံကနေ ရာသီချိန်လုပ်သား ခေါ်မယ်ဆိုပြီး သတင်းထွက်နေတဲ့ Gyeong Sang Proviance ပြည်နယ်အစိုးရက ဒီလို အစီအစဉ်မရှိသလို MoU ရေးထိုးထားတာ မရှိကြောင်းနဲ့ Chung Cheong Proviance ပြည်နယ်အစိုးရကလည်း ဒီအစီအစဉ်မရှိကြောင်း၊ ပြည်နယ်အတွင်းက မြို့၊ ရွာ ၁၅ ခုမှာလည်း အစီအစဉ်မရှိဘူးလို့ ပြန်လည်ဖြေကြားထားကြောင်း မြန်မာ့အရေးလှုပ်ရှားသူတွေနဲ့ မြန်မာ့အ‌ရေး ကူညီ ပံ့ပိုးပေးနေတဲ့ ကိုရီးယားအဖွဲ့အစည်းတွေက အသိပေးထားပါတယ်။

Yang Ju City အစိုးရကလည်း အဲဒီလုပ်သားခေါ်ယူရေးနဲ့ပတ်သက်လို့ MoU ရေးထိုးထားတာ မရှိကြောင်းနဲ့ ရေးထိုးမယ်ဆိုရင် မြန်မာသံရုံးဝန်ထမ်း ဒါမှမဟုတ် မြန်မာဘက်က အစိုးရဝန်ထမ်းကိုယ်တိုင် Yang Ju City ကို လာရောက် ဆွေးနွေး ညှိနှိုင်းတောင်းဆိုမှ ထည့်သွင်းစဉ်းစားနိုင်မယ်လို့ ဆိုပါတယ်။

ကိုရီးယားရောက် မြန်မာအလုပ်သမားအရေး လှုပ်ရှားသူတယောက်က “ကိုရီးယား တရားရေးဝန်ကြီးဌာနနဲ့ ရာသီချိန်လုပ်သားတာဝန်ခံကို ဖုန်းဆက်မေးပြီးပါပြီ။ တာဝန်ခံက လက်ရှိ ကိုရီးယားဒေသန္တရအစိုးရက မြန်မာဘက်နဲ့ MoU စာချုပ် ချုပ်ထားတာမရှိကြောင်း၊ ရာသီချိန်လုပ်သားခေါ်ယူဖို့ကိစ္စ မြန်မာဘက်နဲ့ ဆွေးနွေး ထားတာတော့ ရှိကြောင်း၊ မြန်မာပြည်အခြေအနေကြောင့် စစ်ဆေးနေဆဲဖြစ်ကြောင်း ဖြေပါတယ်” လို့ ပြောပါတယ်။

ပြည်တွင်းမီဒီယာတချို့မှာတော့ ရာသီချိန်လုပ်သားစေလွှတ်တော့မှာဖြစ်ပြီး အမျိုးသမီး လုပ်သားတွေကို ဦးစားပေးစေလွှတ်မယ်ဆိုပြီး စစ်ကောင်စီလက်အောက်ခံ ပြည်ပအလုပ်အကိုင် အေဂျင်စီ (POEA) ရဲ့ ပြောကြားချက်ကို ကိုးကားဖော်ပြထားတာ ဖြစ်ပါတယ်။ 

တောင်ကိုရီးယားကို ရာသီချိန်လုပ်သား စေလွှတ်မယ်ဆိုတဲ့ကိစ္စဟာ ဒီနှစ်လယ်ပိုင်း ကတည်းက သတင်းတွေ မကြာခဏထွက်ပေါ်နေခဲ့တာဖြစ်ပြီး ဒီကိစ္စ  လတ်တလော မဖြစ်နိုင်သေးဘူးလို့ ကိုရီးယားအခြေစိုက် မြန်မာအလုပ်သမားအရေး လှုပ်ရှားသူတွေ ဆီက သိရပါတယ်။

တောင်ကိုရီးယားကို ရာသီချိန်လုပ်သားတွေ ပို့ပေးမယ်ဆိုတဲ့သတင်းတွေကို စစ်တပ်ထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီဆီကနေ ထွက်ခဲ့ဖူးသလို နေပြည်တော်အနီးမှာ ပြည်ပ သွားရောက်လုပ်ကိုင်လိုသူတွေ စုဆောင်းတာရှိနေတယ်ဆိုပြီး ဒေသခံတွေဆီက သိရပါတယ်။

တပ်ကုန်းမြို့နယ်ဒေသခံတယောက်က “ကိုရီးယားသွားရမယ်ဆိုပြီး စာရင်းကောက် နေတာတွေတော့ ကြားတယ်။ အမျိုးသမီးတွေလည်း သွားရမယ်ဆိုလို့ စိတ်ဝင်စားနေကြတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံကနေ ရာသီချိန်လုပ်သားတွေ ခေါ်မယ်ဆိုတဲ့သတင်းကို ရန်ကုန်မြို့မှာရှိတဲ့ တောင်ကိုရီးယား သံရုံးကလည်း ဇွန်လအတွင်းက ငြင်းဆိုခဲ့ပြီး အခုထိလည်း အတည်ပြု ထုတ်ပြန်တာ မရှိသေးပါဘူး။

​တောင်ကိုရီးယား-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနဲ့ ကြံ့ခိုင်ရေးပါတီ(နေပြည်တော်) ဥက္ကဋ္ဌတို့ သြဂုတ်လက တွေ့ဆုံပြီးနောက် အထက်ပါပြည်နယ် ၃ ခုကနေ  ရာသီချိန်လုပ်သား ၁၀၀၀ ကျော် ခေါ်ယူမှာဖြစ်တဲ့အတွက် ပြည်နယ်တခုချင်းဆီကို တရားဝင်စာပို့ပေးဖို့ ကိုရီးယား​-မြန်မာချစ်ကြည်ရေးအသင်းက အကြောင်းကြားတဲ့စာဟာ လူမှုကွန်ရက်မှာ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ရာသီချိန်လုပ်သားလွှတ်မယ်လို့ သတင်းဖြန့်ပြီး နေပြည်တော် အနီးတဝိုက်မှာ လုပ်သားခေါ်ယူစုဆောင်းတာ၊ သင်တန်းဖွင့်လှစ်တာ၊ ငွေကြိုတောင်း ယူတာတွေ ရှိနေတယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီ အသိုင်းဝိုင်းဆီက သိရပါတယ်။

ပြည်ပအလုပ်အကိုင် အေဂျင်စီကိုယ်စားလှယ်တဦးက "ကိုယ်တွေက အလိမ်ခံရမှာစိုးလို့ ပြောပေမယ့်လည်း တချို့တွေက လက်မခံကြဘူး။ အလုပ်သမားတွေကလည်း ပြောရခက်တယ်" လို့ ပြောပါတယ်။

စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ကတော့ ရာသီချိန်လုပ်သား စေလွှတ်နိူင်ရေးအတွက် MoU လက်မှတ်ထိုးဖို့ ကြိုးစားနေပြီး လာမယ့်နှစ်ဆန်းပိုင်းလောက်မှာ လွှတ်နိုင်ချေရှိတယ်ဆိုပြီး နိုင်ငံပိုင်သတင်းဌာန MRTV ကို ဖြေထားပါတယ်။

ဒါပေမယ့် အလုပ်သမားဝန်ကြီးဌာနကလွှတ်မှာလား၊ ကြံ့ခိုင်ရေးပါတီအနေနဲ့ လွှတ်မှာလားဆိုတာကိုတော့ ရှင်းလင်းပြောကြားသွားတာ မရှိပါဘူး။

လက်ရှိမှာ မြန်မာနိုင်ငံက  နှစ်နိုင်ငံအစိုးရချင်း နဂိုကတည်းက သဘောတူထားတဲ့ EPS စနစ်နဲ့ ကုန်ထုတ်၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းအတွက် အလုပ်သမားတွေကို အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီတခုတည်းကပဲ စေလွှတ်ပေးနေတာ ဖြစ်ပါတယ်။

ပုဂ္ဂလိက အေဂျင်စီတွေအနေနဲ့ တောင်ကိုရီးယားအစိုးရဘက်က လက်ခံထားတဲ့ အေဂျင်စီ ၄ ခုကနေပဲ သင်္ဘောကျင်းလုပ်ငန်းအတွက် ဝရိန်ကျွမ်းကျင်လုပ်သား သီးသန့် စေလွှတ်ခွင့်ရရှိထားပါတယ်။

တောင်ကိုရီးယားမှာ  မြန်မာလုပ်သား ၅၀,၀၀၀ နီးပါး ရောက်ရှိလုပ်ကိုင်နေသလို လစဉ် EPS လုပ်သားရာချီ ဆက်လက်ထွက်ခွာနေတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013