DVB Logo
Home
မြန်မာသတင်း
ရေစကြိုနှင့် စလင်းမြို့တို့တွင် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၃၀ ကျော်သေ
DVB
·
November 11, 2023
ရေစကြိုနှင့် စလင်းမြို့တို့တွင် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၃၀ ကျော်သေ
Donate to DVB

မကွေးတိုင်း၊ ရေစကြိုမြို့မှာ နိုဝင်ဘာလ ၁၀ ရက်နေ့က စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ နေရာ ၃ ခု တပြိုင်နက်တည်းတိုက်ခိုက်ခံရလို့ သေဆုံးဒဏ်ရာရသူ များပြားခဲ့ပြီး စစ်ကောင်စီလက်နက်ကြီးကြောင့် ပြည်သူ ၁ ယောက် သေဆုံးသလို စလင်းမြို့မှာလည်း စစ်ကြောင်း တိုက်ခိုက်ခံရလို့ စစ်ကောင်စီဘက်က အယောက် ၃၀ ထက်မနည်း‌ သေဆုံးခဲ့ပါတယ်။

ရေစကြိုမြို့မရဲစခန်းနဲ့ မြို့တောင်ဘက်က ပန်းခြံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေကို နိုဝင်ဘာ ၁၀ ရက်နေ့ မနက် ၄ နာရီကျော်ကနေ ၈ နာရီလောက်အထိ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တပြိုင်နက်တည်းတိုက်ခိုက်ခဲ့ပြီး ထွေအုပ်ရုံးကို ဝိုင်းထားခဲ့ကြတယ်လို့ ရေစကြိုမြို့နယ် ပကဖခေါင်းဆောင် ရဲဘော် ဝေကြီးက ပြောပါတယ်။

တိုက်ပွဲအချိန် ၄ နာရီလောက်ကြာသွားလို့ ကျည်အင်အားနည်းလာချိန်မှာ ပခုက္ကူဘက်ကလည်း စစ်တပ်ရဲ့စစ်ကူတွေ လိုက်လာလို့ မြို့တဝက်နီးပါး စီးမိပြီးမှ ပြန်ဆုတ်ပေးလိုက်ရတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က အများအပြားသေဆုံး ဒဏ်ရာရရှိခဲ့ပြီး ရဲစခန်းနဲ့ ပန်ခြံထဲက စစ်ကောင်စီတပ်သားတွေရဲ့ အလောင်းတွေကို မျက်မြင်တွေ့ရှိခဲ့ရပြီး လက်နက်ကောက်ယူဖို့တော့ အခွင့်မသာခဲ့ဘူးလို့ ပြောပါတယ်။

အထိနာသွားတဲ့ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ရမ်းကားပစ်ခတ်လို့ ရေစကြိုမြို့ စိတ္တသုခရပ်ကွက်က အမျိုးသမီး ၂ ယောက်ဒဏ်ရာရရှိခဲ့ပါတယ်။

ပြီးတော့ ခလရ ၂၅၆ ကလည်း လက်နက်ကြီးတွေနဲ့ ရမ်းကားပစ်ခတ်လို့ ပေကုန်းကျေးရွာက အသက် ၁၆ နှစ်အရွယ် လူငယ်တယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ စလင်းမြို့နယ် ကျွဲဦးကျေးရွာဘက်ကို အင်အား ၂၅၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို နိုဝင်ဘာ ၁၀ ရက်နေ့ မနက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲပြီး အလစ်ဝင်ရောက်တိုက်ခိုက် ခဲ့တယ်လို့ မင်းဘူးခရိုင်တပ်ရင်း ၂ ရဲ့ ပြန်ကြားရေးတာဝန်ခံ တာလဘောက  ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က အယောက် ၃၀ ထက်မနည်းသေဆုံး၊ ၂၀ ထက် မနည်း ဒဏ်ရာရရှိခဲ့ပြီး စစ်ကြောင်းမှူးကတော့ ခြေထောက်တဖက် ပြတ်သွားတယ်လို့ တပ်တွင်းသတင်းပေးတွေဆီကနေ သတင်းရတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို မင်းဘူးခရိုင်တပ်ရင်း ၁၊ တပ်ရင်း ၂ နဲ့ SLN-LPDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အောက်တိုဘာ ၂၁ ရက်နေ့ မွန်းလွဲပိုင်းကလည်း စလင်းမြို့မှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ ၁၂ ယောက်သေဆုံးခဲ့ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013