DVB Logo
Home
မြန်မာသတင်း
ကနီနှင့် ညောင်လေးပင်တွင် စစ်စခန်းများတိုက်ခိုက်ခံရ၊ ခင်ဦးတွင် စစ်စခန်း ၂ ခုကို စွန့်ခွာသွား
DVB
·
November 11, 2023
ကနီနှင့် ညောင်လေးပင်တွင် စစ်စခန်းများတိုက်ခိုက်ခံရ၊ ခင်ဦးတွင် စစ်စခန်း ၂ ခုကို စွန့်ခွာသွား
Donate to DVB


စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်နဲ့ ပဲခူးတိုင်း၊ ညောင်လေးပင်တို့မှာစစ်ကောင်စီစခန်းတွေ တိုက်ခိုက်ခံရပြီး စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေဟာသူတို့စခန်း ၂ ခုကိုစွန့်ပြီး ရေဦးမြို့ကို သွားရောက်ပူးပေါင်းခဲ့တယ်လို့
သိရပါတယ်။
စစ်ကောင်းစီအထိုင်ချ တပ်စွဲထားတဲ့ ကနီမြို့နယ်က အလယ်ကျွန်း ပျူကျေးရွာကို နိုဝင်ဘာ ၁၀ ရက်နေ့ ညနေပိုင်းမှာ ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ဗိုလ်နှုတ်ခမ်းမွှေးက ပြောပါတယ်။
“ကျနော်တို့ သွားပြီး ဗုံးသီးချ တိုက်ခိုက်ခဲ့တာက ပေါက်ကွဲအားပြင်းတဲ့ ဗုံးသီး ၄ လုံး ချပြီး တိုက်ခိုက်ခဲ့တာဗျ။ သိပ်မကြာလိုက်ဘူး၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တယ်။ ကျနော်တို့ဘက်ကတော့ အထိခိုက်မရှိခဲ့ဘူး” လို့ ပြောပါတယ်။
အခု တိုက်ပွဲကို ကနီမြို့နယ် ကျောက်လုံးကြီးတပ်မဟာဖြစ်တဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၂၁၊ ၂၂၊ ၂၃ နဲ့ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးဗိုလ်တီကောင်အဖွဲ့တို့ ပူပေါင်းတိုက် ခိုက်ခဲ့တာလို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့ကလည်း အခုလိုဒရုန်းယာဉ်ကို အသုံးပြုပြီး အလယ်ကျွန်းရွာကို တိုက်ခိုက်ခဲ့သေးတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
ညောင်လေးပင်မြို့နယ်မှာတော့ မဒေါက်ကားလမ်းပေါ်က ရေကြည်ချောင်းဂိတ်စခန်း မလူးတဲစစ်ဆေးရေးဂိတ်နဲ့ ပုဇွန်မြောင်းရွာထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နိုဝင်ဘာ ၁၀ ရက်နေ့ မနက် ၃ နာရီကစတင်ပြီး တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
အချိန်၁ နာရီခွဲကြာလောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်ကအင်အား ၁၀၀ လောက် တပ်စွဲထားတဲ့ ရေကြည်ချောင်းတံတားဂိတ်က ရဲ ၂ ယောက်သေဆုံးပြီး ၁၀ယောက်က ဒဏ်ရာရသလို မလူးတဲ စစ်ဆေးရေးဂိတ်မှာတော့ စစ်ကောင်စီဘက်က ၂ ယောက်ဒဏ်ရာရတယ်လို့ ပူးပေါင်းတပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။
ပုဇွန်မြောင်းရွာထဲက စစ်ကောင်စီတပ်စွဲထားတဲ့နေရာကို တိုက်ခိုက်ရာမှာတော့ အထိအခိုက်ကို မသိရသေးသလို စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်ကြောင့် PDF ရဲဘော် ၂ ယောက်ထိခိုက်ခဲ့ပြီး စခန်းကိုတော့ မသိမ်းပိုက်လိုက်နိုင်ဘူးလို့ သိရပါတယ်။
ညောင်လေးပင် မဒေါက်သွား ကားလမ်းကဂိတ်ကို တိုက်ခိုက်ပြီးနောက် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူတွေကို လူနာတင်ကားတွေနဲ့ ညောင်လေးပင်ဘက်ကို သယ်သွားခဲ့တယ်လို့လည်း သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို KNLA တပ်မဟာ ၃၊ BPLA တော်ဝင်ဒေါင်း PDF၊ 3702 Fire Dragon အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်တာလည်း ဖြစ်ပါတယ်။
ခင်ဦးမြို့နယ်မှာတော့ ရေဦးတံတား အရှေ့ဘက်ကမ်း တံတားထိပ်က အင်းပတ်ကွေ့ထိ အထိုင်ချ တပ်စွဲထားတဲ့ ဘန်ကာ ၁၁ လုံးက စစ်ကောင်စီတပ်သား ၃၀ ကျော်ဟာ နိုဝင်ဘာ ၁၀ ရက် ညပိုင်းမှာ စွန့်ခွာပြီး ရေဦးမြို့ကို သွားရောက် တပ်ပေါင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုအခါ ခင်ဦးမြို့နယ် ပကဖ၊ တိုက်နယ် ၂ နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေပူးပေါင်း နယ်မြေရှင်းလင်းပြီး ရေဦးမူးမြစ်ကူးတံတား အရှေ့ဘက်ကမ်းထိ ထိန်းချုပ်ထားနိုင်ပြီလို့ မြို့နယ် ပကဖ တာရှိသူတယောက်က ပြောပါတယ်။
နိုဝင်ဘာ ၄ ရက်နေ့ညကလည်း ခင်ဦး-ရေဦး ကားလမ်းဘေး မူးတိမ်ချောင်းတံတား ဝန်းကျင်မှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်သား အင်အား ၄၀ လောက်ဟာ ဘန်ကာ ၁၆ လုံးကို စွန့်ခွာပြီး ရေဦးမြို့ကို ထွက်သွားတယ်လို့ သိရပါတယ်။
ခင်ဦးမြို့နယ်က မကျီးတုံ၊ မဒေါင်းလှ၊ ပျဉ်ထောင်၊ ရွာသစ်ကုန်းနဲ့ မူးတိမ်ချောင်း တံတား၊ အင်းပတ်ကွေ့ စတဲ့နေရာတွေမှာ စစ်တပ် တပ်စွဲထားတာ ၂ နှစ်ကျော်ပြီ ဖြစ်ပါတယ်။
ခင်ဦးမြို့ပေါ်က မြို့မရဲစခန်း၊ မင်းသိုက်တိုက်နဲ့ ဆေးရုံတို့မှာ အထိုင်ချတပ်စွဲထားပြီး ညနေပိုင်းမှာ ကင်းလှည့်တတ်သလို ပြည်သူတွေကို ဖမ်းဆီးတတ်ပြီး နိုဝင်ဘာ ၁၀ ရက် ညနေပိုင်းကလည်း မြကန်သာရပ်ကွက်က အမျိုးသား ၁ ယောက်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
အောက်တိုဘာ ၃၀ ရက်နေ့ကလည်း ခင်ဦးမြို့နယ်၊ မကျီးတုံ ပျူတပ်စွဲရွာကို ရွှေဘိုခရိုင်တပ်ရင်း ၃၊ မြို့နယ် ပကဖ၊ ပလဖတို့ ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး BA 64 ၁ လက်၊ ကာဘိုင် ၄ လက်၊ ဂျောက်ဂျက်တွဲဘော ၂ လက်အပြင် တခြားပစ္စည်းတွေ သိမ်းဆည်းရမိပြီး ဘန်ကာတွေ၊ ကင်းတဲတွေကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး ရဲဘော်တယောက်ဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013