Home
မြန်မာသတင်း
မုံရွာမြို့နယ်၌ စစ်ကောင်စီ တပ်ကြပ်ကြီး ၁ ဦးကို လက်နက်နှင့်အတူဖမ်းမိ
DVB
·
November 10, 2023

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ  တပ်ကြပ်ကြီး  တယောက်ကို  သေနတ် ၁ လက်နဲ့အတူ မန်ကျည်းကုန်းကျေးရွာ အနီး ကင်းလှည့်နေတဲ့ ADPRA နဲ့ PDF ဒေသခံ ကာကွယ်ရေးပူးပေါင်းအဖွဲ့က နိုင်ဝင်ဘာ ၉ ရက်ညက ဖမ်းဆီးရမိခဲ့ပါတယ်။

မုံရွာမြို့နယ်၊ ခိုသန်းရွာအနီးမှာ မုံရွာအခြေစိုက် နမခ စစ်ဌာနချုပ်က ထွက်လာတဲ့  စကစ အင်အား ၂၇ ဦးပါ စစ်ကြောင်းနဲ့ အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် (ADPRA) နဲ့ PDF ဒေသခံ ကာကွယ်ရေးပူးပေါင်း အဖွဲ့တို့ မနေ့ ညနေ ၄ လောက်မှာ တိုက်ပွဲဖြစ်ပြီးနောက် စကစ စစ်ကြောင်းမှ တပ်ကြပ်ကြီး အောင်ဝင်း (ကိုယ်ပိုင်အမှတ် - ၈၂၅၅၅၆၊ မုံရွာအခြေစိုက် အမှတ် ၇၄၇၊ စစ်လက်နက် ပစ္စည်း တပ်ခွဲ) ကို MA11 အမျိုးအစား မောင်းပြန် သေနတ် ၁ လက်နဲ့ ဖမ်းမိခဲ့တာပါ။

Department of Information - (DRPA) မှ ပြန်ကြားရေး အဖွဲ့ဝင် ကိုမျိုးကြီးက "မနေ့ ညနေ ၄ နာရီလောက်က နမခစစ်ဌာနချုပ်က ထွက်လာတဲ့ စစ်ကြောင်းကို ကျနော်တို့ ပူးပေါင်းအဖွဲ့တွေ ဖြတ်တိုက်ကြတယ်ပေါ့နော်။ အဲဒီမှာ သူတို့ ဖရိုဖရဲဖြစ်ပြီး ထွက်ပြေးကြတယ်။ အဲဒီ တပ်ကြပ်ကြီးက သေနတ်တစ်လက်နဲ့ ပြေးလာတယ်။ ပြေးလာတဲ့အချိန်မှာ ကျနော်တို့ လှည့်ကင်းနဲ့ တည့်တည့်တိုးတယ်ပေါ့နော်။ သူက ကျနော်တို့ကို တစ်ချက် ပြန်ပစ်တယ်။ ပြီးတော့ သေနတ် ဂျန့်ဖြစ်သွားတော့ ပစ်လို့မရတော့မှ သူက ကျနော်တို့ကို လက်နက်ချ အလင်းဝင်ပါ့မယ် ဆိုပြီးတော့ အဖမ်းခံပါတယ်။ ကျနော်တို့ သူ့ကို သေချာ စစ်ဆေးတယ်။ ပြီးတော့ စစ်သုံ့ပန်းဥပဒေနဲ့အညီ ရိုက်နှက်တာတွေ ဘာတွေ ဘာမှမရှိဘူး။ အခုတော့ မြို့နယ် ပကဖ ဆီကို အပ်လိုက်ပါပြီဗျ။ လက်ရှိမှာတော့ တနိုင်ငံလုံး စစ်ဆင်ရေးပေါ့နော်။ ကျနော်တို့လည်း ပူးပေါင်းပါဝင်နေပါတယ်" ပြောပါတယ်။

အဆိုပါတိုက်ပွဲမှာ အင်အား ၂၇ ဦးပါ စစ်ကောင်စီ စစ်ကြောင်းဟာ ဝိုင်းဝန်းပစ်ခတ်ခံရပြီး မိုင်းဆွဲ တိုက်ခိုက်ခံရလို့  စစ်ကြောင်းတွေကွဲကာ အထိနာပြီး လူစုကွဲ ထွက်ပြေးသွားကြပါတယ်။

ဖမ်းဆီးရမိတဲ့ တပ်ကြပ်ကြီး အောင်ဝင်းကို နိုင်ငံတကာ စစ်သုံပန်း ဥပဒေနဲ့အညီ ထားရှိကာ သက်ဆိုင်ရာ မြို့နယ်အဖွဲ့အစည်းထံကို ဆက်လက် ပို့ဆောင်ဖို့ ရှိတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024