စစ်ကိုင်းတိုင်းထဲက ကောလင်းမြို့ကို တော်လှန်ရေးတပ်တွေ သိမ်းပြီးတဲ့နောက် မိုင် ၅၀ လောက်မှာရှိတဲ့ ကသာမြို့ကကျောင်းတွေ ယာယီပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပညာရေးဌာနက ကျောင်းပိတ်ဖို့ ညွှန်ကြားတာ မရှိပေမဲ့ အဲဒီကျောင်းတွေမှာ တက်နေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို မိဘတွေက ကျောင်းမတက်ခိုင်းတော့တာကြောင့် ယာယီပိတ်ထားတာလို့ ကျောင်းသားမိဘတဦးက ပြောပါတယ်။
“ကောလင်းကို သိမ်းပြီးတဲ့နောက်ပိုင်း ကျောင်းမလွှတ်တော့ဘူး။ လုံခြုံရေးအရ ကျောင်းမတက်ခိုင်းတာပါ။ မြို့ထဲမှာလည်း လူအသွားလာ နည်းတယ်။”
ကောလင်းမြို့ သိမ်းပိုက်ခံရပြီးနောက် မြို့ပေါ်က ရဲတပ်ဖွဲ့နဲ့ မိသားစုဝင်တွေပါ စစ်တပ်ထဲ ပြောင်းရွှေ့နေထိုင်ကြတာကြောင့် နိုဝင်ဘာ ၈ ရက်ကစပြီး ကျောင်းမတက်ခိုင်းတော့ဘူးလို့ သိရပါတယ်။
ကျောင်းသားမိဘတဦးက “ရဲစခန်းကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်က မကြာခဏ ဗုံးလာကြဲနေတော့ ရဲမိသားစုတွေလည်း စစ်တပ်ထဲကို ပြောင်းနေကြတယ်။ တရားဝင် စာထွက်ပြီးတော့ ကျောင်းပိတ်လိုက်တာတော့ မဟုတ်ဘူး။ ကျောင်းတက်သူ မရှိတော့လို့ ကျောင်းပိတ်တာ” လို့ ပြောပါတယ်။