DVB Logo
Home
နိုင်ငံတကာ
မြောက်ကိုရီးယားနှင့် ရုရှား စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို စိုးရိမ်ဟု ဝန်ကြီး ဘလင်ကန်ပြော
DVB
·
November 10, 2023
မြောက်ကိုရီးယားနှင့် ရုရှား စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို စိုးရိမ်ဟု ဝန်ကြီး ဘလင်ကန်ပြော
Donate to DVB

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က သူနဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ဘတ်ဂျင်တို့ဟာ မြောက်ကိုရီးယားနဲ့ ရုရှားကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ ကြီးထွားလာနေတဲ့အပေါ် လေးနက်တဲ့ စိုးရိမ်ပူပန်မှုတွေကို မျှဝေခဲ့ကြတယ်လို့ နိုဝင်ဘာ ၉  ရက်က ပြောကြားပါတယ်။

ဘလင်ကန်နဲ့ ဘတ်ဂျင်တို့ဟာ မြောက်ကိုရီးယားခြိမ်းခြောက်မှုတွေကို တန်ပြန်တိုက်ခိုက်ရေးနဲ့ ဂျပန်နိုင်ငံနဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးလို့ ခေါ်ဆိုတဲ့ တိုးချဲ့တားဆီးရေးဗျူဟာကို အကောင်အထည်ဖော်ရာမှာ အတူတကွလုပ်ဆောင်ဖို့ ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။

မော်စကို အနေနဲ့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အများအပြားကို ချိုးဖောက်ထားတဲ့ မြောက်ကိုရီးယားကို စစ်ဘက်ဆိုင်ရာနည်းပညာတွေ မလွှဲပြောင်းဖို့ မိတ်ဖက်နိုင်ငံတွေနဲ့အတူ ပြင်းပြင်းထန်ထန် ဖိအားပေးဖို့ နောက်ထပ် လုပ်ဆောင်ချက်တွေအကြောင်း ဝန်ကြီးဘတ်ဂျင်နဲ့ ဆွေးနွေးခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ 

ရုရှားက မြောက်ကိုရီးယားကို ပံ့ပိုးပေးနိုင်တဲ့ အထောက်အပံ့နဲ့ ပတ်သက်ပြီးတော့ အရမ်းကို နီးနီးကပ်ကပ်နဲ့ ဂရုတစိုက် စောင့်ကြည့်နေပြီး မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည် အစီအစဉ်တွေ၊ သူ့ရဲ့နျူကလီးယားနည်းပညာ၊ သူ့ရဲ့ အာကာသ လွှတ်တင်နိုင်မှု စွမ်းရည်တွေအတွက် ဘယ်လို ပံ့ပိုးမှုမျိုးကိုမဆို အမှန်တကယ် စိုးရိမ်ပူပန်ပါကြောင်း ဘလင့်ကန်က ပြောပါတယ်။

DPRK ဒုံးကျည် သတိပေးချက် အချက်အလက်တွေကို အချိန်နဲ့ တပြေးညီ မျှဝေပေးမယ့် ၃ နိုင်ငံ ပူးပေါင်းတုံ့ပြန်မှု၊ ၃ နိုင်ငံ ကာကွယ်ရေး လေ့ကျင့်ခန်းနဲ့ မြောက်ကိုရီးယားရဲ့ အန္တရာယ်ရှိတဲ့ ဆိုက်ဘာ လှုပ်ရှားမှုတွေကို တန်ပြန်မယ့် ကြိုးပမ်းမှုတွေကို တိုးတက်စေဖို့ ခြေလှမ်းတွေ စတင်နေပါပြီလို့လည်း ဘလင်ကန်က ဆိုပါတယ်။

တောင်ကိုးရီးယား နိုင်ငံခြားရေးဝန်ကြီး  ဘတ်ဂျင်ကလည်း တောင်ကိုရီးယား-အမေရိကန် မဟာမိတ်ဖြစ်မှုကနေ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုမှန်သမျှကို ပြတ်ပြတ်သားသား တုံ့ပြန်သွားမှာဖြစ်ကြောင်းနဲ့ ဂြိုဟ်တုလွှတ်တင်မှုလို့ ခေါ်တဲ့ ရန်စမှုတွေ အားလုံးကို ချက်ချင်းရပ်ပစ်ဖို့ မြောက်ကိုရီးယားကို တိုက်တွန်းထားကြောင်း ပြောဆိုပါတယ်။

တောင်ကိုရီးယား- အမေရိကန် မဟာမိတ်တွေဟာ မြောက်ကိုရီးယားကို သူ့ရဲ့နျူကလီးယားနဲ့ ဒုံးကျည် တည်ဆောက်မှုကို စွန့်လွှတ်ဖို့ ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ကြောင်းလည်း ပြောသွားပါတယ်။

အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ဟာ မြောက်ကိုရီးယားမှ ရုရှားကို လက်နက်နဲ့ စစ်သုံးပစ္စည်းတွေ စီးဆင်းနေတာကို ရှုတ်ချခဲ့ပြီး သီးသန့်နိုင်ငံတခုကနေ ရုရှားကို ကုန်တင်ပစ္စည်းတွေ ရွှေ့ပြောင်းသွားလာမှုမှာ သက်သေဖြစ်နေပြီ လို့လည်း ဆိုပါတယ်။ 

၂ နိုင်ငံဝန်ကြီးတွေ ဆွေးနွေးနေချိန်မှာ အရပ်ဖက်အဖွဲ့အစည်းအဖွဲ့ဝင် ၃၀ လောက်ဟာ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့မှာ ဆန္ဒပြခဲ့ကြပြီး အစ္စရေး-ဂါဇာ ပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ တောင်းဆိုခဲ့ကြပါတယ်။

Source/Photo-Reuters 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013