DVB Logo
Home
မြန်မာသတင်း
မဲဆောက်တွင် အလုပ်သမားကတ် လုပ်ပေးမည်ဆိုပြီး ပွဲစားက လိမ်လည်ထွက်ပြေး
DVB
·
November 9, 2023
မဲဆောက်တွင် အလုပ်သမားကတ် လုပ်ပေးမည်ဆိုပြီး ပွဲစားက လိမ်လည်ထွက်ပြေး
Donate to DVB

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ အထောက်အထားမဲ့ မြန်မာအလုပ်သမားတွေကို ဘတ်(ပန်းရောင်ကတ်) ရိုက်ပေးမယ်ဆိုပြီး ငွေကြိုယူထားတဲ့ပွဲစား လိမ်လည်ထွက်ပြေးသွားတယ်လို့ ဘတ်ရိုက်ဖို့ ငွေကြိုသွင်းထားတဲ့ မြန်မာတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလလောက်ကစပြီး ACC CHALEE PASSPORT CO.,LTD က ကိုချာလီ ဆိုသူက အထောက်ထားမဲ့ မြန်မာအလုပ်သမားတွေကို ဘတ်ရိုက်ပေးမယ်လို့ လိမ်လည်ကာ ငွေကြိုယူထားခဲ့ပါတယ်။

ကိုချာလီဆိုသူဟာ ဘတ်(ပန်းရောင်ကတ်) ရိုက်ပေးမယ်လို့ မဲဆောက်မြို့အတွင်း ကားနဲ့ လိုက်လံကြေညာပြီး လက်ကမ်းစာစောင်ဝေတာတွေအပြင် ရုံးခန်းကို မဲဆောက်စျေးကြီးအနီး မမွှေးစျေးထဲ ဖွင့်ထားကာ တယောက်ကို ဘတ် ၁၅,၀၀၀ (ကျပ် ၁,၂၇၅,၀၀၀) ထိ ဝန်ဆောင်ခပေးရတယ်လို့ အလိမ်ခံရသူတဦးက ပြောပါတယ်။

အလိမ်ခံရသူတဦးက “ကျနော်တို့ကို စုစုပေါင်း ဘတ် ၁၁,၀၀၀ ကောက်တာ။ သူဌေးငှားခ၊ ကျန်းမာရေးစစ်ခ ဆိုပြီးတော့။ ကျနော်ကတော့ ဘတ်(ပန်းရောင်ကတ်) အဆင့်ထိတော့ အလိမ်မခံလိုက်ရဘူး။ ကျန်းမာရေးအာမခံကတ်ပဲ အလိမ်ခံရတယ်။ ဘတ် ၃,၅၀၀ ပါသွားတာပေါ့။ CI (အစိမ်းရောင်စာအုပ်) လုပ်ဖို့ နောက်ဆုံးရက် သတ်မှတ်လိုက်တဲ့အချိန်ထိ ဆေးစစ်ထားတဲ့ စာရွက်စာတမ်း မထုတ်ပေးတော့ သူ့ဆီသွားတောင်းတော့ မပေးပါဘူး။ အဲ့ဒါကြောင့် အခု ကျနော့်စက်ရုံက မန်နေဂျာ လိုက်လုပ်ပေးတာ” လို့ ပြောပါတယ်။

ဘတ်မရိုက်ခင် ဆေးစစ်တဲ့အခါမှာလည်း မဲဆောက်ဆေးရုံကြီးမှာပဲ ဆေးစစ်ခွင့် ရှိပြီးတော့ ဘတ် ၁၀၀ သာပေးရပြီး ရရှိလာတဲ့ ဆေးလက်မှတ်က ဆေးအလကားကုခွင့်ရပေမဲ့ အခုအခါမှာတော့ အပြင်ဆေးရုံတခုမှာ ဆေးစစ်ပေးပြီး ရရှိလာတဲ့ဆေးလက်မှတ်က ဘယ်မှာမှ အသုံးမဝင်ဘူးလို့လည်း သိရပါတယ်။

နောက်ထပ်အလိမ်ခံရသူတဦးက “ဆေးရုံကြီးမှာဆို သွေး၊ ငှက်ဖျား၊ တီဘီ၊ ဓာတ်မှန်ရိုက် အများကြီးလုပ်ပေးတယ်။ အခုကျတော့ သူက အပြင်ဆေးခန်းတခုမှာ ဆေးစစ်ဖို့ခေါ်သွားပြီး ဘတ် ၃,၅၀၀ တောင်းတယ်။ ပြီးတော့ ဆင်ခြေထောက်ရောဂါကာကွယ်ဆေးနဲ့ ဓာတ်မှန်ပဲ ရိုက်ပေးလိုက်တယ်။ အဲ့ဒီဆေးလက်မှတ်နဲ့လည်း ဘယ်နေရာမှာဖြစ်ဖြစ် အသုံးဝင်တယ်လို့ ပြောပေမဲ့ တကယ်တမ်းကျ ဆေးရုံကြီးမှာလည်း ဆေးကုသခွင့်မရဘူး။ အပြင်ဆေးခန်းတွေမှာလည်း သုံးလို့မရလို့ သူ့ကိုဖုန်းဆက်တာ လုံးဝ ဆက်သွယ်လို့ မရတော့ဘူး” လို့ ပြောပါတယ်။

အလိမ်ခံရသူတွေကို သုံးလနေရင် ပိုက်ဆံတွေ အကုန်ပြန်ပေးမယ်လို့ ပြောပေမဲ့ အခုချိန်ထိ လုံးဝပြန်ပေးတာမရှိဘဲ ရုံးခန်းပိတ်ပြီး ဆက်သွယ်လို့မရတော့ဘူးလို့လည်း သိရပါတယ်။

တတိယမြောက် အလိမ်ခံရသူတဦးကလည်း “ကျ‌ေနာ်က ဘတ် ၁၁,၅၀၀ အလိမ်ခံရတာ။ ကျနော်တို့ကိုပြောတော့ သူ့ဝန်ထမ်းက သူ့ကို ပိုက်ဆံတွေ ပြန်မအပ်ဘဲ လိမ်သွားတယ်ပြောလို့ သူ့ဝန်ထမ်းကို ဆက်သွယ်ပြီး မေးတော့ အဲ့ဒီဝန်ထမ်းက သူမယူဘူးလို့ ပြောတယ်။ ကျနော်တို့ကို နောက် ၂ လနေရင် ပြန်ပေးမယ်လို့ ပြောပြီးတော့ အခုကျတော့ လုံးဝဆက်သွယ်လို့မရတော့ဘူး။ ဖုန်းလည်းမကိုင်တော့ဘူး။ သူ့ရုံးကလည်း ပိတ်သွားပြီ” လို့ ပြောပါတယ်။

အလိမ်ခံရသူတွေက သက်ဆိုင်ရာကို တိုင်ကြားချင်ပေမဲ့လည်း လက်လုပ်လက်စားတွေ ဖြစ်တာကြောင့် ရုံးချိန်းမတက်နိုင်တာတွေအပြင် အလုပ်ပျက်ရက်များပါက အလုပ်ထုတ်ခံရမှာ စိုးရိမ်လို့ တိုင်ကြားချင်ပေမဲ့လည်း မတိုင်ကြားနိုင်ကြဘူးလို့ သိရပါတယ်။

တိုင်ကြားတဲ့အခါမှာ တယောက်တည်း သွားတိုင်တာထက် အနည်းဆုံး ၁၅ ယောက်လောက် သွားရမှာဖြစ်ပြီး လိမ်ခံရသူတွေ ၁၀၀ ကျော်လောက်ဖြစ်ပေမဲ့ တိုင်ကြားဖို့ လူစုတဲ့အခါ ၁၀ ယောက် မပြည့်ဘူးလို့ မြန်မာအလုပ်သမားတွေဆီက သိရပါတယ်။

မဲဆောက်မြို့မှာ မြန်မာလူမျိုး ၂၀၀,၀၀၀ ကျော်လောက်ရှိပြီး အများစုဟာ အထောက်အထားမဲ့သူတွေ ဖြစ်တာကြောင့် အလိမ်ခံရသူတွေအနေနဲ့ ဘတ် (ပန်းရောင်ကတ်ပြား)၊ CI (အစိမ်းရောင်) စာအုပ် စတာတွေမရှိရင် အလုပ်မရနိုင်ဘဲ တခြားပွဲစားနဲ့ ထပ်လုပ်ရပြီး နောက်ထပ် ပိုက်ဆံထပ်ကုန်ရတာမျိုးတွေ ရှိပါတယ်။

တချို့ဆို အတိုးနဲ့ ပိုက်ဆံချေးယူပြီး လုပ်ကြရတာဖြစ်ပြီး ပိုက်ဆံအလိမ်ခံလိုက်ရတာကြောင့် စာအုပ်မလုပ်နိုင်တော့တာတွေလည်း ရှိပါတယ်။

ကိုချာလီ ဆိုသူမှာ လွန်ခဲ့တဲ့ လအနည်းငယ်က ၁၀ နှစ်ခံစာအုပ် လုပ်ပေးတဲ့ကိစ္စနဲ့ ပြဿနာရှိဖူးတယ်လို့ မြန်မာအလုပ်သမားတွေထံက သိရပြီး သူ့ဖုန်းကို ဆက်လက်အသုံးပြုနေတယ်လို့လည်း ပြောပါတယ်။ ဒီဗွီဘီအနေနဲ့ ကိုချာလီကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013