DVB Logo
Home
မြန်မာသတင်း
မူဆယ်နှင့် ချင်းရွှေဟော်မှ ကုန်ပစ္စည်းများကို အခြားကုန်သွယ်ရေးစခန်းများမှ ပြောင်းလဲ တင်ပို့ခွင့်ပြု
DVB
·
November 9, 2023
မူဆယ်နှင့် ချင်းရွှေဟော်မှ ကုန်ပစ္စည်းများကို အခြားကုန်သွယ်ရေးစခန်းများမှ ပြောင်းလဲ တင်ပို့ခွင့်ပြု
Donate to DVB

တရုတ်နယ်စပ် မူဆယ်နဲ့ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းတွေကနေ ပို့ကုန်လိုင်စင် ခွင့်ပြုချက်ရပြီးတဲ့ ပစ္စည်းတွေကို တခြားကုန်သွယ်ရေးစခန်းတွေမှာ ပြောင်းလဲတင်ပို့ခွင့် ပြုမယ်လို့ စစ်ကောင်စီကဆိုပေမဲ့ ကုန်သည်တွေမှာ လုံခြုံရေးအပါအဝင် အခက်အခဲတွေ ရှိနေပါတယ်။

ရှမ်းမြောက်ဒေသက တိုက်ပွဲတွေကြောင့် ရပ်နားထားရတဲ့ တရုတ်-မြန်မာ ကုန်သွယ်ရေးကို ပြန်လည်အသက်သွင်းဖို့ စစ်ကောင်စီက ကြိုးပမ်းနေပါတယ်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ဟာ တိုက်ပွဲတွေကြောင့် ရပ်တန့်ထားရတာ ရက်သတ္တပတ် နှစ်ပတ်နီးပါး ရှိလာခဲ့ပြီး မူဆယ်နဲ့ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းတွေမှာ လုံခြုံရေးအခြေအနေတွေကြောင့် ကုန်တင်ပို့တာ၊ တင်သွင်းတာတွေလုပ်ဖို့ အခက်အခဲ ရှိနေတယ်လို့ စစ်ကောင်စီရဲ့ ကုန်သွယ်ရေးဦးစီးဌာနက ဆိုပါတယ်။

ကုန်သွယ်မှုလုပ်ငန်းတွေ မကြန့်ကြာစေဖို့အတွက် မူဆယ် ၁၀၅ မိုင်နဲ့ ချင်းရွှေဟော်တို့ကနေ တဆင့် နယ်စပ်ကတင်ပို့ဖို့ ပို့ကုန်လိုင်စင်ခွင့်ပြုချက်ရပြီးတဲ့ ပစ္စည်းတွေကို တရုတ်-မြန်မာနယ်စပ်နဲ့ ထိုင်း-မြန်မာနယ်စပ်က တခြားကုန်သွယ်ရေးစခန်းတွေမှာ ပြောင်းလဲတင်ပို့ခွင့်ပြုမှာဖြစ်သလို ရေကြောင်းကနေပါ ပြောင်းလဲတင်ခွင့်ပေးမယ်လို့ ကုန်သွယ်ရေးဦးစီးဌာနက နိုဝင်ဘာ ၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

လတ်တလောမှာတော့ လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမှာ နေရာအနှံ့ တိုက်ပွဲတွေ ရှိနေပြီး ကုန်တင်ကားအများအပြား ပိတ်မိနေပါတယ်။

တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ နေရာတွေမှာလည်း လုံခြုံရေးအရ သွားလာခွင့်ပိတ်ထားတဲ့ အခြေအနေတွေ ရှိနေပြီး တခြား ကုန်သွယ်ရေးစခန်းတွေကနေ ပြောင်းလဲတင်ပို့ဖို့အတွက် အခက်အခဲ အများအပြား ရှိနေတယ်လို့ ကုန်သည်တဦးက ပြောပါတယ်။

“လက်ရှိမှာ ပိတ်မိထားတာတွေလည်း ရှိတယ်။ ကားအကြီးမပြောနဲ့ ကားအသေးလည်း အဆင်မပြေ၊ ဆိုင်ကယ်တောင် သွားလာခွင့်မရှိဘူး။ ၁၀၅ မိုင်ကလေ အခု သူတို့ တံခါးမဖွင့်ပေးဘူး။ ကျင်စန်းကျော့ဘက်ဝင်ဖို့တောင် သူတို့ ဖွင့်မပေးသေးဘူး ဖြစ်နေတယ်။ ချင်းရွှေဟော်ဆိုလည်း လမ်းအဆင်မပြေလို့ သွားလာရ အဆင်မပြေဘူး။ နမ့်ခမ်းဘက်ကသွားလည်း အဆင်မပြေဘူး။ ကုန်ကားအကြီးတွေဆိုတော့ အဆင်မပြေဘူး ဖြစ်နေတာ။ တခြားနေရာတွေကနေ ပြောင်းပို့ဖို့ကျတော့ လမ်းအခြေအနေက အဆင်မပြေဘူးလို့မြင်တယ်။”

မြန်မာ-တရုတ်နယ်စပ်မှာ ကုန်သွယ်ရေးစခန်း ငါးခုရှိပြီး ရှမ်းပြည်မြောက်ပိုင်း မူဆယ်-မန္တလေး ပြည်ထောင်စုလမ်းမကြီးပေါ်က မူဆယ် ၁၀၅ မိုင်စခန်းမှာ ကုန်သွယ်မှု အများဆုံးလုပ်တာဖြစ်ကာ ပြီးခဲ့တဲ့ ၆ လတာကာလအတွင်းမှာ ဒေါ်လာသန်း ၁,၃၀၀ ကျော် လည်ပတ် ကုန်သွယ်နိုင်ခဲ့တယ်လို့လည်း အချက်အလက်တွေအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013