DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံ DMG သတင်းထောက် ကျန်းမာရေးမကောင်းသဖြင့် ဆေးကုခွင့်တောင်းဆို
DVB
·
November 9, 2023
ဖမ်းဆီးခံ DMG သတင်းထောက် ကျန်းမာရေးမကောင်းသဖြင့် ဆေးကုခွင့်တောင်းဆို
Donate to DVB

ရခိုင်အခြေစိုက် သတင်းဌာနတခုဖြစ်တဲ့ Development Media Group (DMG) ရဲ့ သတင်းထောက် ကိုထက်အောင် ကျန်းမာရေးမကောင်းဖြစ်နေလို့ ဆေးကုသခွင့်ရလိုကြောင်း မိခင်ဖြစ်သူ ဒေါ်မအေးကြည်က တောင်းဆိုထားပါတယ်။

မိခင် ဒေါ်မအေးကြည်က“မနေ့က ကျမက ရဲစခန်းကိုသွားပြီး သူ့အဝတ်အထည်တွေ လျှော်ဖွပ်ဖို့ သွားယူပါတယ်။ လူချင်းတော့ တွေ့ခွင့်မရပါ။ ရဲတွေကပြောတယ်၊ ထက်အောင် နေမကောင်းဖြစ်နေတယ်လို့ ပြောပါတယ်။ အဝတ်ထုပ်မှာလည်း စာရေးလို့ ပါလာပါတယ်။ လည်ချောင်းနဲ့ ခန္ဓာတွေ နာတယ်။ ဖျားလည်းဖျားတယ်။ လျှာက အရေတွေကျွတ်တယ်။ ချောင်းဆိုးတယ်။ ဆေးဝယ်ထည့်ပေးပါလို့ ရေးထားတယ်။ အဲဒါကြောင့် ကျမသားလေးကို ဆေးကုသခွင့် အမြန်ဆုံးပေးဖို့ တောင်းဆိုပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အောက်တိုဘာ ၂၉ ရက် သီတင်းကျွတ်လပြည့်နေ့က စစ်တွေမြို့ ဆွမ်းတော်ကြီးလောင်းပွဲမှာ သတင်းသွားယူတဲ့ ရခိုင်မီဒီယာ DMG သတင်းထောက် ကိုထက်အောင်ကို စစ်ကောင်စီက ဖမ်းဆီးလိုက်ပြီး အောက်တိုဘာ ၃၁ ရက်မှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၅(ဃ) နဲ့ စစ်တွေမြို့မရဲစခန်းမှာ အမှုဖွင့်ထားတာပါ။

DMG သတင်းထောက် ကိုထက်အောင်မှာ ဒုတိယနှစ် မြန်မာစာမေဂျာ ကျောင်းသားတဦး ဖြစ်ပြီး နိုဝင်ဘာ ၁ ရက်ကစပြီး ဖွင့်လှစ်သင်ကြားတဲ့ အဝေးသင်တက္ကသိုလ် အနီးကပ် သင်တန်းကို တက်ရောက်ခွင့်မရပဲ ဖြစ်နေတာပါ။

လုံခြုံရေးရယူပြီး ကိုထက်အောင် စာမေးပွဲဖြေဆိုခွင့်ရရှိအောင် ကာလုံအထိ စာပို့သွားမယ်လို့ အဝေးသင်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းကိုအောင်က  ပြောပါတယ်။

“ကျနော်တို့က လက်ရှိမှာ ဆန်ပြဿနာနေ့ ပြုလုပ်တဲ့ကိစ္စနဲ့ ဆရာမ ဒေါ်ညိုအေးကို ဖမ်းဆီးထားမှုနဲ့ တိမ်းရှောင်နေကြတော့ ကိုထက်အောင် တက္ကသိုလ်အဝေးသင် တက်ခွင့်မရ ဖြစ်နေတာကို အချိန်မီ ကူညီခွင့်မရ ဖြစ်နေရတာ။ အခုတော့ စာမေးပွဲကို လုံခြုံရေးလိုက်ပါပြီး ဖြေဆိုခွင့်ရရှိဖို့ ကာလုံအထိ စာတင်သွားဖို့ ဆောင်ရွက်နေကြတယ်။ နောက် ကျောင်းသားသမဂ္ဂ အနေနဲ့ ထုတ်ပြန်ချက်တွေ ထုတ်ပြန်သွားမှာပါ။”

ရခိုင်ရှိ မီဒီယာတွေအားလုံးဟာ စစ်ကောင်စီရဲ့ စောင့်ကြည့်တာကို ခံနေကြရပြီး ဖမ်းဆီးဖို့ လိုက်ရှာနေတာကြောင့် Narinjara, Western News, BNA စတဲ့ သတင်းမီဒီယာသမားတွေလည်း ရုံးခန်းဖွင့်လှစ်ပြီး သတင်းလုပ်ငန်းလုပ်ဖို့ ခက်ခဲနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013