DVB Logo
Home
မြန်မာသတင်း
လားရှိုးစစ်ဘေးရှောင် ၅,၀၀၀ ကျော် အကူအညီများ လိုအပ်
DVB
·
November 9, 2023
လားရှိုးစစ်ဘေးရှောင် ၅,၀၀၀ ကျော် အကူအညီများ လိုအပ်
1 / 8
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လားရှိုးမြို့ပေါ် ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင်နေရတဲ့ လူ ၅,၀၀၀ ကျော် အကူအညီ လိုအပ်နေတယ်လို့ ပရဟိတသမားတွေက ပြောပါတယ်။

လားရှိုးမြို့အနီး ကျေးရွာတွေနဲ့ ရပ်ကွက်တွေမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်ကတည်းက စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ တိုက်ပွဲတွေ‌ ဖြစ်နေတာကြောင့် ပြည်သူတွေ လားရှိုးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင်နေရပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေဟာ လားရှိုးမြို့ပေါ်ရှိ သီရိမင်္ဂလာမန်ဆူကျောင်းတိုက်၊ ဟိုပိတ်ကျောင်းတိုက်၊ မန်ဆူကျောင်းတိုက်၊ ကုန်သာကျောင်းတိုက်၊ အထက်မန်အိုင်ဘုန်း‌ကြီးကျောင်း၊ တာပုံဘုန်းကြီးကျောင်းနဲ့ မန်တိန်ကျောင်းတိုက်တို့မှာ နေထိုင်ကြပြီး အကူအညီများစွာ လိုအပ်နေတယ်လို့ လားရှိုးရှိ ပရဟိတအဖွဲ့တခုက ပြောပါတယ်။

“တချို့ကျတော့လည်း သူတို့ဆီမှာ တိုက်ပွဲဖြစ်လာလို့ ပြေးလာတာရှိသလို တချို့ကြတော့လည်း ကြောက်လန့်ပြီး ပြေးလာတာရှိတယ်။ စစ်ဘေးရှောင်ဖြစ်မှဝောာ့ ဝယ်စားဖို့က မလွယ်တော့လို့ အလှူရှင်တွေကိုပဲ အားကိုးရတာပေါ့။ တိုက်ပွဲက ဘယ်အချိန်မှ ပြီးနိုင်မှန်းမသိတော့ အကူအညီတွေက ထပ်ပြီးလိုနေဦးမှာပဲလေ။ ဘုန်းကြီးကျောင်းတွေထဲမှာဆို သီရိမင်္ဂလာမန်ဆူကျောင်းက စစ်ဘေးရှောင်အများဆုံးပဲ။ အဲ့မှာ စစ်ဘေးရှောင် ၃,၀၀၀ နီးပါးလောက်ရှိတယ်။”

လာရှိုးမြို့ရှိ စစ်ဘေးရှောင်တွေဟာ မွန်း၊ ကောင်းဖြူ၊ မတ်ချိနု၊ ပန်စိမ်း၊ နားဖ၊ မိုင်းတင်၊ ကုန်းစုံ၊ မန့်မွန်း၊ ပန်ကျိုင်း၊ ဟိုနမ့်၊ ကောင်းကဲ၊ ကောင်းတပ်၊ ကောင်းဟုန်း၊ ကုန်းဆာ၊ ပန်စုံ၊ ဟိုနား၊ ဖိုင်တောင်း၊ နမ့်ဖတ်၊ ကောင်းလင်း၊ ပိန်းထန်၊ တာပုံ နဲ့ အောင်သစ္စာကွက်သစ်တို့က ဖြစ်တယ်လို့ ဆိုပါတယ်။

လားရှိုးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းတွေမှာ နေထိုင်နေတဲ့ စစ်ဘေးရှောင်တွေဟာ ဆောင်းတွင်းဖြစ်တာကြောင့် အနွေးထည်နဲ့ စောင်အကူအညီ လိုအပ်နေတယ်လို့ ကူညီပေးနေတဲ့ ပရဟိတသမားတဦးက ပြောပါတယ်။

“လှူတဲ့သူတွေရှိပေမဲ့ လူက အရမ်းများတော့ အကူအညီတွေက ထပ်လိုနေတုန်းပါပဲ။ ဆောင်းတွင်းလည်း ရောက်နေပြီဆိုတော့ စောင်နဲ့ အနွေးထည်ပဲ အဓိကလိုအပ်တာပါ။ ရှမ်းမြောက်က စစ်ရှောင်ပြည်သူတွေကို ပစ်မထားဘဲ ကူ‌ညီပေးကြပါ။”

လားရှိုးမြို့ရှောင်လမ်းပေါ်မှာလည်း အောက်တိုဘာ ၂၇ ရက်နေ့ကတည်းက ခရီးသွားပြည်သူ ၃၀၀ လောက် ပိတ်မိနေပြီး အစားအသောက် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ အောက်တိုဘာ ၂၇ ရက်ကစပြီး TNLA၊ MNDAA၊ AA စတဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူ ၄၇,၄၀၀ ကျော်အထိ ရှိလာပြီလို့ UNOCHA Myanmar က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013