DVB Logo
Home
မြန်မာသတင်း
ကော့ကရိတ်နှင့်ကရင်နီတွင် စစ်ကောင်စီတပ်၊ ရိက္ခာပို့ယာဉ်တန်း တိုက်ခိုက်ခံရ
DVB
·
November 9, 2023
ကော့ကရိတ်နှင့်ကရင်နီတွင် စစ်ကောင်စီတပ်၊ ရိက္ခာပို့ယာဉ်တန်း တိုက်ခိုက်ခံရ
1 / 2
Donate to DVB

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့တွေ တပ်စွဲထားတဲ့ နေရာတွေကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းဒရုန်းတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး (တပ်ခွဲမှူး) အဆင့်အပါအဝင် ၃ ဦး သေဆုံးသွားပါတယ်။

နိုဝင်ဘာ ၇ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်-ရတခ လက်အောက်ခံ ခလရ ၉၇ တပ်ရင်း နေရာယူ တပ်စွဲထားတဲ့ ဇိနသုခဘုန်းကြီးကျောင်း နေရာကို မောင်းသူမဲ့လေယာဥ်တွေနဲ့ ၆ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ တိုက်ခိုက်မှုမှာပါဝင်ခဲ့တဲ့ မြေပြင်ဒရုန်းရဲဘော်တဦးက နိုဝင်ဘာ ၈ ရက်မှာ ပြောပါတယ်။ 

“သူတို့ (စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး) သေဆုံးမှုကို ကျနော်တို့ရဲ့ မြေပြင်က အတွင်းသတင်း ယူပေးသူတွေက အတိအကျ ယူလာပေးတာပါ။ ကျနော်တို့က ဒရုန်း ၃ စင်းနဲ့ တက်ကြဲတာပါ။ သူတို့တိုက်ခိုက်ခံရပြီးပြီးချင်းမှာ ခလရ ၉၇ ထဲကို အားချင်း ပြန်ခေါ်သွားတယ်လို့ သိရတယ်ဗျ။”

တိုက်ခိုက်မှုတွေကိုတော့ Justice Soldier PDF drone တပ်ခွဲ၊ Shar Htoo Waw နည်းပညာနဲ့ Kloud, Angry Bird Drone Ranger, Power of Ababil (POA) တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ နဲ့ ၂၈ ရက်နေ့တွေကလည်း ကော့ကရိတ်မြို့နယ်ထဲမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့နေရာ ၇ နေရာကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ဒရုန်းတပ်တွေနဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။

လက်ရှိမှာတော့ ကော့ကရိတ်နယ်ထဲမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရားတွေနဲ့ ဝေးရာမှာ နေစေချင်ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ သူတို့ကို အုပ်ချုပ်ခွင့်ပေးမှာ မဟုတ်ကြောင်း၊ သူတို့အုပ်ချုပ်ရေးယန္တရားတွေကို ဖျက်ဆီးပစ်ဖို့ ပိုမိုကောင်းမွန်တဲ့ နည်းပညာတွေနဲ့အတူ ကြိုးစားနေကြောင်း မြေပြင်ဒရုန်းတပ်ဖွဲ့တွေက မေတ္တာရပ်ခံ အသိပေးထားပါတယ်။

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့ကနေ ဒီးမော့ဆိုဘက်ကို ဦးတည်လာတဲ့ စစ်ကောင်စီ ထောက်ပို့ယာဉ်တန်းကို နိုဝင်ဘာ ၅ ရက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကား ၄ စီး ပျက်စီးခဲ့တယ်လို့ တပ်ရင်း ၁၁၀၁၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ထုတ်ပြန်ထားပါတယ်။

လွိုင်ကော်ဘက်မှ ဒီးမော့ဆိုဘက်ကို ဦးတည်လာတဲ့ စစ်ကား ၄ စီးပါ ထောက်ပို့ယာဉ်တန်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား နိုဝင်ဘာ ၅ ရက် မနက် ၁ နာရီမှ မနက် ၂ နာရီခွဲအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ထောက်ပို့ကား ၄ စီးလုံး ပျက်စီးခဲ့ကာ ၁ စီးကိုတော့ မီးရှို့ခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၅ ဦးသေဆုံးပြီး ၆ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကာ ကရင်နီကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်က အထိအခိုက်မရှိ စွန့်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၃ ရက်နဲ့ ၄ ရက်နေ့မှာလည်း ဖရူဆို-ဒီးမော့ဆို ပြည်ထောင်စုလမ်းမကြီးမှာ ဒရုန်းတိုက်ခိုက်မှု၊ စစ်ကောင်စီယာဉ်တန်းနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၅ ဦးထက်မနည်း ကျဆုံးခဲ့ပါတယ်။

တပ်ရင်း ၁၁၀၁၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ရဲဘော်တဦးက “ဒီလ ၃ ရက်နေ့ကနေပြီး တိုက်ခိုက်မှုတွေ စတင်တာပေါ့နော်။ ၄ ရက်နေ့မှာလည်း စစ်ကားအစီး ၄၀ ပါ ယာဉ်တန်းကို တိုက်ခိုက်တယ်။ ညဘက်ဖြစ်တော့ အထိအခိုက်စာရင်း မသိရဘူး။ ၅ ရက်နေ့မှာတော့ ဆန်တွေတင်လာတဲ့ စစ်ကား ၄ စီးကို တိုက်ခိုက်ခဲ့တယ်။ တစီးကို မီးရှို့လိုက်တယ်” လို့ ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်နဲ့ ဒီးမော့ဆို - ဖရူဆိုပြည်ထောင်စု လမ်းမကြီးတလျှောက်မှာ စစ်ရေးတင်းမာနေပြီး အချိန်မရွေး ထိတွေ့တိုက်ပွဲဖြစ်နိုင်တဲ့အတွက် ပြည်သူတွေ စစ်ဇုန်အတွင်း သွားလာလှုပ်ရှားတာ၊ ဝင်ရောက်နေထိုင်တာ၊ နေအိမ်ပြန်ကြည့်တာနဲ့ ပစ္စည်းတွေ သယ်ဆောင်တာတို့ လုံးဝမပြုလုပ်ကြဖို့ လွိုင်ကော်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ-၂ အပါအဝင် ကရင်နီတော်လှန်ရေး အင်အားစုတွေက သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013