DVB Logo
Home
နိုင်ငံတကာ
နယူးဒေလီတွင် အဆိပ်သင့် မီးခိုးမြူများကြောင့် မူလတန်းကျောင်းများပိတ်
DVB
·
November 8, 2023
နယူးဒေလီတွင် အဆိပ်သင့် မီးခိုးမြူများကြောင့် မူလတန်းကျောင်းများပိတ်
Donate to DVB

အိန္ဒိယနိုင်ငံရဲ့ မြို့တော် နယူးဒေလီမှာ နိုဝင်ဘာ ၈ ရက်က အဆိပ်သင့် မီးခိုးမြူထူတွေနဲ့ မြို့တော်တွင်း လေထုအရည်အသွေး အလွန်အမင်း မကျန်းမာစေတဲ့အဆင့်ထိ ရောက်နေလို့ ဒေသတွင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ ရပ်ထားရပြီး မူလတန်းကျောင်းတွေကို နိုဝင်ဘာ ၁၀ ရက်နေ့ထိ ပိတ်ခိုင်းထားပါတယ်။

နိုဝင်ဘာ ၇ ရက်မှာ ဒေလီရဲ့ လေထုအရည်အသွေး ညွှန်းကိန်းက ၃၀၀ ထိ ရောက်နေပါတယ်။ လေထုအရည်အသွေး ညွှန်းကိန်း သုညကနေ ၅၀ အထိက ကောင်းတယ်လို့ သတ်မှတ်ထားပြီး ၅၀ အထက်ကတော့ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်း အတွက် မကျန်းမာစေတဲ့အဆင့်လို့ သတ်မှတ်ထားပါတယ်။

ညွှန်းကိန်း ၂၀၁ ကနေ ၃၀၀ ကြားက အလွန်အမင်း မကျန်းမာစေတဲ့အဆင့်ဖြစ်ပြီး ညွှန်းကိန်း အဆင့် ၃၀၁ ကနေ ၅၀၀ ကြားကတော့ အန္တရာယ်ရှိတဲ့အဆင့်လို့ သတ်မှတ်ထားပါတယ်။လေထုညစ်ညမ်းမှု တိုက်ဖျက်ရေးအတွက် လာမယ့်သီတင်းပတ်ကစပြီး ကားသုံးတာ ကန့်သတ်ချက်ကို ချမှတ်မှာပါ။

ဒါပေမဲ့ ဒေလီမြို့တော်က လူတွေက အိမ်နီးချင်းပြည်နယ်တွေ ကောက်ပဲသီးနှံစိုက်ပျိုးရေး လယ်တွေမှာ ရိုးပြတ်​တွေကို မီးရှို့တာ ထိန်းချုပ်ဖို့ လိုလားနေပါတယ်။

ဆောင်းရာသီမတိုင်ခင် နှစ်တိုင်းမှာ နယူးဒေလီဟာ ကမ္ဘာ့ထိပ်တန်း ညစ်ညမ်းဆုံး စာရင်းဝင် မြို့တွေထဲမှာ အမြဲရှိနေခဲ့ပါတယ်။

အနားက လယ်ကွင်းတွေမှာ ရိုးပြတ်တွေကို မီးရှို့တာ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲက ဖုန်တွေ၊ စက်မှုလုပ်ငန်းတွေနဲ့ ကားတွေ အပါအဝင် အရင်းအမြစ်တွေကနေ ထွက်တဲ့ လေထုညစ်ညမ်းစေတဲ့ အရာတွေက အပူချိန်နိမ့်ပြီး လေငြိမ်ချိန်မှာ အခြေအနေကို ပိုဆိုးစေပါတယ်။

လယ်ကွင်းတွေကို ရှင်းဖို့ စက်ယန္တရားတွေကို ငှားမယ်ဆိုရင် သီတင်းပတ် ၂ ပတ်ကြာအောင် စောင့်ရပြီး ငွေလည်း အမေရိကန်ဒေါ်လာ ၁၀၀ လောက် ကုန်နိုင်တယ်လို့ ဟာယာန ပြည်နယ်က လယ်သမားတဦးက ပြောပါတယ်။

ဝယ်မယ်ဆိုရင် အမေရိကန်ဒေါ်လာ ၃,၆၀၀ ကျော် ကုန်ကျနိုင်လို့ အသေးစား လယ်လုပ်သူတွေ မတတ်နိုင်ဘူးလို့ ဆိုပါတယ်။

ကျန်ခဲ့တဲ့ သီတင်းပတ်တွေအတွင်း နယူးဒေလီမြို့တော်နဲ့ အနီးဝန်းကျင်က ဟာယာန၊ ဥတ္တာပရာဒက်ရှ်နဲ့ ပန်ဂျပ်ပြည်နယ်တွေမှာ ဒေသခံတွေဟာ ကမ္ဘာ့အဆိုးရွားဆုံး လေထုညစ်ညမ်းမှုကို ရင်ဆိုင်ခဲ့ရတာကို ညစ်ညမ်းမှုထိန်းချုပ်ရေး ဗဟိုဘုတ်အဖွဲ့ရဲ့ သတင်းအချက်အလက်တွေက ပြထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013