DVB Logo
Home
နိုင်ငံတကာ
ဟွန်ဒူးရပ်စ် ဆီအုန်းခြံ၌ ပစ်ခတ်မှုဖြစ်ပြီး အလုပ်သမား ၁၀ ဦး သေဆုံး
DVB
·
May 22, 2026
Photo: HONDURAS NATIONAL POLICE HANDOUT
Photo: HONDURAS NATIONAL POLICE HANDOUT
Donate to DVB

ဟွန်ဒူးရပ်စ်နိုင်ငံ မြောက်ပိုင်းက ထရူဟီလိုမြို့ရှိ ဆီအုန်းစိုက်ခင်း ခြံဝင်းတခုမှာ မေ ၂၁ ရက်က သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး အလုပ်သမား ၁၀ ယောက် သေဆုံးခဲ့ပါတယ်။

ရဲတွေ ရောက်မလာခင် အလောင်းတွေကို ရွှေ့ပစ်လိုက်ကြတာမို့ တကယ်သေဆုံးသူ အရေအတွက်က ဒီထက်မက ပိုများနိုင်တယ်လို့ ဟွန်ဒူးရပ်စ် လုံခြုံရေးဝန်ကြီး ဂယ်ဇွန် ဗယ်လာစ်ကွက်ဇ်က ပြောပါတယ်။

ဂွါတီမာလာနယ်စပ်အနီးအနား ကိုရီးန်တိုးမြို့က သီးခြားတိုက်ခိုက်မှုတခုမှာတော့ ရာဇဝတ်သားလို့ သံသယရှိသူတွေနဲ့ ထိပ်တိုက်တွေ့ပြီး ရဲအရာရှိ ၆ ယောက် သေဆုံးခဲ့ပါတယ်။

ထရူဟီလို ဆီအုန်းစိုက်ခင်း တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးရမိတာမျိုး မရှိသေးဘူးလို့လည်း တယ်ဂူဆီဂါလ်ပါမြို့မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ လုံခြုံရေးဝန်ကြီး ဗယ်လာစ်ကွက်ဇ်က ပြောပါတယ်။

အမျိုးသားရဲတပ်ဖွဲ့နဲ့ အခင်းဖြစ်ပွားရာနေရာကို သွားတဲ့ တချို့မီဒီယာတွေဟာ အလောင်းတွေကို ရွှေ့ပြောင်းသွားပြီးတဲ့ နောက်ပိုင်းမှ ရောက်သွားခဲ့ကြတာလို့လည်း သူက ပြောဆိုခဲ့ပြီး အလောင်းတွေကို သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ တရွာတည်းသားတွေ ဒါမှမဟုတ် ဒီလုပ်ရပ်ကို ကျူးလွန်ခဲ့တဲ့ ရာဇဝတ်ဂိုဏ်းသားတွေကိုယ်တိုင် ရွှေ့ပစ်လိုက်ကြတာ ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။

အခုအချိန်အထိတော့ သေဆုံးသူ ဘယ်နှယောက်လဲဆိုတာ အပါအဝင် တရားဝင်အချက်အလက် ဘာမှမရသေးပါဘူး။

လူမှုကွန်ရက်က ဗီဒီယိုတွေအရတော့ သေဆုံးသူအရေအတွက်ဟာ ၁၀ ယောက်ထက် ပိုများနိုင်တယ်လို့ ယူဆရပါတယ်လို့ လုံခြုံရေးဝန်ကြီး ဗယ်လာစ်ကွက်ဇ်က ပြောပါတယ်။

ဒါ့အပြင် ဒီကျူးလွန်သူတွေဟာ အဲဒီဒေသမှာ နှစ်ပေါင်းများစွာ အခြေချနေထိုင်ပြီး မူးယစ်ဆေးဝါး မှောင်ခိုကူးမှုနဲ့ ဆက်နွှယ်နေသလို နောက်ပိုင်းမှာ သစ်သီးခိုးယူမှုနဲ့ ဆီအုန်းစိုက်ခင်းတွေကို ကျူးကျော်ဝင်ရောက်တဲ့ဘက်ကိုပါ ကူးပြောင်းလာတဲ့ ရာဇဝတ်ဂိုဏ်းတခုက ဖြစ်တယ်ဆိုတဲ့ “ခိုင်မာတဲ့ အရိပ်အယောင်တွေ” ရှိနေတယ်လို့လည်း ဖြည့်စွက် ပြောပါတယ်။

အမျိုးသားရဲတပ်ဖွဲ့ရဲ့ ဗီဒီယိုမှတ်တမ်းတွေအရ တခြားတိုက်ခိုက်မှုတခု ဖြစ်ပွားခဲ့တဲ့ ကိုရင်တိုဒေသမှာ ရဲတွေကို ချထားတာ တွေ့ရပါတယ်။

အဲဒီနေရာမှာတော့ ရာဇဝတ်ဂိုဏ်းတခုက ဒေသခံ ကာတဲလ် (မူးယစ်ဂိုဏ်း) ခေါင်းဆောင်ကို ကာကွယ်ပေးခဲ့တာကြောင့် အနီးနားက ရဲတွေဟာ စစ်ဆင်ရေးမှာ ပါဝင်နေတဲ့ ရဲအရာရှိတွေကို စစ်ကူမပေးနိုင်ခဲ့ဘူးလို့ ဝန်ကြီး ဗယ်လာစ်ကွက်ဇ်က ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013