DVB Logo
Home
မြန်မာသတင်း
ပါတီဝင် ၁,၃၀၀ နီးပါး အဖမ်းခံရပြီး ၁၀၀ ကျော် သတ်ဖြတ်ခံခဲ့ရဟု NLD ထုတ်ပြန်
DVB
·
November 8, 2023
ပါတီဝင် ၁,၃၀၀ နီးပါး အဖမ်းခံရပြီး ၁၀၀ ကျော် သတ်ဖြတ်ခံခဲ့ရဟု NLD ထုတ်ပြန်
Donate to DVB

စစ်အာဏာသိမ်းကာလအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ၁,၂၉၀ ဦး ဖမ်းဆီးခံထားရပြီး ၁၀၁ ဦးကိုလည်း စစ်တပ်က ဖမ်းဆီးထားစဉ် သတ်ဖြတ်ခဲ့ကြောင်း ၂၀၂၀ ရွေးကောက်ပွဲ ၃ နှစ်ပြည့်တဲ့  ဒီကနေ့ နိုဝင်ဘာ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ NLD က ဖွဲ့စည်းထားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ ကောက်ယူရေးအဖွဲ့ (NLD-HRD T) မှ နိုဝင်ဘာ ၁ ရက်နေ့အထိ ပြုစုထားတဲ့ မှတ်တမ်းတွေဖြစ်တယ်လို့ NLD ပါတီ ပြောခွင့်ရသူ ဦးထွန်းမြင့်က ပြောပါတယ်။

“အာဏာစသိမ်းစဉ် ကာလကနေစပြီး NLD ပါတီဝင်၊ NLD ထောက်ခံသူတွေ၊ လွှတ်တော်ကိုယ်စားလှယ် ၃ ဦး အပါအဝင် ၁၀၁ ဦး သတ်ဖြတ်ခံရတယ်ဆိုတာက အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ကြောရေးမှာရော၊ ဖမ်းဆီးထိန်းသိမ်းခံရစဉ်မှာရော၊ ထောင်ချစဉ်မှာရော ဆေးဝါးကုသမှု မရခဲ့တဲ့အတွက် အသက်ဆုံးရှုံးခဲ့တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။”

လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရတဲ့ ပါတီဝင် ၁,၂၉၀ ထဲမှာ လွှတ်တော်ကိုယ်စားလှယ် ၇၁ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။ သတ်ဖြတ်ခံရတဲ့ ၁၀၁ ဦးထဲမှာတော့ လွှတ်တော်ကိုယ်စားလှယ် ၃ ဦး ပါဝင်ပြီး ဒီစာရင်းနှစ်ခုဟာ သီးခြားစီဖြစ်တယ်လို့ ဦးထွန်းမြင့်က ရှင်းပြပါတယ်။

ပါတီရုံးတွေကို ကျူးကျော်ဝင်ရောက်မှုကတော့ ၁၆၀ ကြိမ်ရှိပြီး ပါတီဝင် ၄၀၇ ဦးရဲ့ နေအိမ်တွေလည်း ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီပုဂ္ဂိုလ်တွေကို စစ်ကောင်စီက ဘယ်လိုပုဒ်မတွေနဲ့ ဖမ်းဆီးခဲ့လဲ ဆိုတာနဲ့ ပတ်သက်လို့ “မတရားပုဒ်မတွေပေါ့။ မတရားအသင်းဆက်သွယ်မှုလိုမျိုး အကြမ်းဖက်ပုဒ်မတွေ မဟုတ်မဟတ်ပုဒ်မတွေ တပ်ပြီး ဖမ်းဆီးတာ” လို့ ဦးထွန်းမြင့်က ပြောပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်လို့ “စစ်အစိုးရနားလည်နိုင်တဲ့ ဘာသာစကားနဲ့ပြောမှ နားလည်မယ်ဆိုတာကြောင့် NUG အနေနဲ့ ဒီလိုလုပ်ခဲ့တာ” ဆိုပြီးလည်း သူက ပြောပါတယ်။

ဒါ့အပြင် အရပ်သားတွေရဲ့ အိုးအိမ်ပိုင်ဆိုင်မှုတွေကို ၁,၄၉၈ ကြိမ်အထိ မီးရှို့ခံရပြီး အိမ်ခြေ ၆၁,၈၇၁ လုံး ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ပြည်သူ ၄,၀၉၅ ဦး သေဆုံးပြီး အဲဒီအထဲမှာ အသက်မပြည့်သူ ၇၂ ဦး ပါဝင်တယ်လို့ သိရပါတယ်။

အလားတူ NLD အနေနဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ တိုင်းရင်းသား မဟာမိတ် အင်အားစုတွေ၊ မိတ်ဘက်အဖွဲ့အစည်းတွေနဲ့ လက်တွဲဆောင်ရွက်မယ်လို့လည်း ကြေညာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013