DVB Logo
Home
မြန်မာသတင်း
မြန်မာကလေး ၅ သန်းအကူအညီလိုအပ်၊ မကြုံတွေ့သင့်သည့် အန္တရာယ်များဖြင့် ရင်ဆိုင်နေရ
DVB
·
July 10, 2026
Photo: UNICEF Myanmar
Photo: UNICEF Myanmar
Donate to DVB

မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေနဲ့ အကျပ်အတည်းတွေကြောင့် ကလေးငယ် ၅ သန်းဟာ အကူအညီ တွေ လိုအပ်နေပြီး မြန်မာနိုင်ငံက ကလေးတွေဟာ ဘယ်ကလေးမှ မကြုံတွေ့ရသင့်တဲ့ အန္တရာယ် တွေနဲ့ ထိတွေ့ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) အဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

၂၀၂၆ ခုနှစ် မြန်မာနိုင်ငံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေနဲ့ တုံ့ပြန် ဆောင်ရွက်မှုအစီအစဉ်အရ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ အကျပ်အတည်း တွေကြောင့် ကလေးငယ် ၅ သန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်နေပြီး ကလေးသူငယ်တွေဟာ အကြောက်တရား၊ ဆုံးရှုံးမှုနဲ့ မရေရာမှုတွေကြားမှာ နေထိုင်နေရကြောင်း ယူနီဆက်ဖ် မြန်မာက ထုတ်ပြန်ပါတယ်၊

ကရင်နီဒေသတခုတည်းမှာတင် သောင်းနဲ့ချီတဲ့ ကလေးငယ်တွေဟာ ကျန်းမာရေးနဲ့ ပညာရေး စိန်ခေါ်ချက်တွေကို ရင်ဆိုင်နေရပြီး လေယာဉ်သံနဲ့ လက်နက်ကြီးအသံတွေကတော့ ကလေးငယ် တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကြီးမားတဲ့ထိခိုက်မှုတွေဖြစ်တယ်လို့ Karenni Hope ရဲ့ တာဝန်ခံ ကိုလွမ်းက ပြောပါတယ်။

“ကလေးတွေမှာ အဓိကကတော့ ကလေးတွေအတွက် အကြောက်တရားတွေဖြစ်အောင် လုပ်တာက တော့ လေယာဉ်ပဲပေါ့နော်၊ လေကြောင်း တိုက်ခိုက်မှုပေါ့။ ကလေးငယ် တော်တော်များများတွေ ကလည်း စစ်ဒဏ်တွေ မျက်ဝါးထင်ထင် တွေ့ရတယ်။ ကလေးတွေ လိုအပ်နေတာကတော့ ကျန်းမာရေး၊ ပညာရေး၊ အာဟာရတွေကတော့ ပြောရမယ် ဆိုရင်တော့ အဓိက လိုအပ်ချက် တခုထဲမှာ ပါတယ်ပေါ့။ ပေးတာနဲ့ လိုအပ်ချက်နဲ့ မမျှတဘူးပေါ့နော်၊ အမြဲတမ်း လိုအပ်ချက်တွေ တော့ ရှိနေတယ်ဗျ။ စစ်ရှောင်ကာလ ကြာလာတာနဲ့အမျှ ကျနော်တို့ ဒီဘက်က အရပ်ဘက်အဖွဲ့တွေ အနေနဲ့ရော နိုင်ငံတကာက ထောက်ပံ့ပေးတဲ့ အဖွဲ့တွေနဲ့ရော တော်တော် များများတော့ အားလျော့ လာကြတယ်ဗျ။ အဲ့ဒါမျိုး ဆိုတော့ လိုအပ်ချက်တွေကတော့ နောက်ပိုင်း ပိုရှိလာနိုင်တယ်ဗျ။”

ယူနီဆက်ဖ်ရဲ့ အဆိုအရ မြန်မာနိုင်ငံက ကလေးသူငယ်တွေဟာ အတင်းအဓမ္မ လူသစ်စုဆောင်းခံရမှု၊ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်ပစ္စည်း အန္တရာယ်တွေ အပါအဝင် ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ခြိမ်းခြောက်မှုမျိုးစုံနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်ကြောင့် ထိခိုက်သေဆုံးသူ ၅ ယောက်မှာ  တယောက်ကျော်က  ကလေးသူငယ်တွေ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ စစ်ရှောင်ဒေသက ကလေးတွေတင် မကဘဲ စစ်အာဏာရှင် စိုးမိုးနယ်မြေက မြို့ပြဒေသတွေမှာရှိတဲ့ ကလေးတွေမှာလည်း ပုံစံမတူတဲ့ စိန်ခေါ် ချက်တွေကို ရင်ဆိုင်နေကြရပါတယ်။

ရန်ကုန်အခြေစိုက် လူမှုကူညီကယ်ဆယ်အသင်း တာဝန်ရှိသူတယောက်က “အခု ဒီစီးပွားရေး မပြေလည်လာတဲ့အချိန်ရဲ့ နောက်ပိုင်းမှာ ကလေးစွန့်ပစ်တာတွေ ဖြစ်လာတယ်။ ကလေးတွေ ငှားစားခံရတာမျိုးတွေ ဖြစ်လာတယ်။ ရင်ခွင်ပိုက်ကလေးတွေတောင်မှ လသား၊ ၂ လ၊ ၃ လ၊ တနှစ်ပတ်ချာလည်လောက်တောင်မှ ကလေးငှားစားခံရတာမျိုးတွေ ရှိတယ်။ ပြေလည်တဲ့ မိသားစုတွေ ကျတော့လည်း ကလေးတွေကို ဒီအရွယ်မှာ ဟိုဆင်ဒီဆင်လို့ မရဘူး၊ ဆင်လိုက်လို့ရှိရင် လုခံရ အသတ်ခံရတာတွေလည်း ညီမတို့တင် ကြေညာနေကြဆိုတော့ သိမှာပဲ။ ကိုယ်တွင်း အင်္ဂါတချို့ ကိစ္စတွေ ကြားနေရတာတွေ ရှိတယ်။ ကလေးအပျောက် များနေတာလေ၊ ၅ နှစ်အထက် ကျောင်းနေရမယ့်အရွယ် ရောက်လာတဲ့အခါလည်း သူများနည်းတူ ပညာသင်ရမယ့်အရွယ်မှာ ပညာမသင်ရတဲ့ ဟာမျိုးတွေပေါ့၊ ကလေးက ၁၁ နှစ်ကျော် ၁၂ နှစ်၊ ၁၃ နှစ် အရွယ်လေး ရောက်လာလို့ လူလားလေး မြောက်လာပြီဆိုလို့ရှိရင် စစ်မှုထမ်းရမလား၊ ရပ်ကွက်က ခေါ်မှာလား၊ ဒါမှမဟုတ် လမ်းသွားရင်းနဲ့ စစ်မှုထမ်းဖို့ ဖမ်းခေါ်သွားတာမျိုးလား။ ဥပဒေ စိုးမိုးမှု မရှိရင်တော့ ဒီကလေးတွေရဲ့ အခွင့်အရေး ကလည်း ရရှိမှာ မဟုတ်ဘူးလေ” လို့ ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ယူနီဆက်ဖ် ဌာနေကိုယ်စားလှယ် ယာဆုမာဆာကီမူရာက “မြန်မာနိုင်ငံ တဝန်းမှာ များစွာသောကလေးငယ်တွေဟာ အကြောက်တရား၊ ဆုံးရှုံးမှု၊ မရေရာမှုတွေနဲ့ နေထိုင်နေရတဲ့အပြင် ဘယ်ကလေးမှ မကြုံတွေ့ရသင့်တဲ့ အန္တရာယ်တွေနဲ့ ထိတွေ့ရင်ဆိုင်နေရပါတယ်” လို့ ပြောပါတယ်။

ယူနီဆက်ဖ်အနေနဲ့ အကျပ်အတည်းကြောင့် ထိခိုက်နစ်နာနေတဲ့ ကလေးသူငယ်တွေနဲ့ မိသားစုတွေ အတွက် အရေးကြီး အကူအညီတွေ ပံ့ပိုးပေးနိုင်ဖို့ ဥရောပသမဂ္ဂရဲ့ ရန်ပုံငွေနဲ့ စီမံကိန်းသစ်တခုကို စတင် အကောင်အထည်ဖော်နေတယ်လို့ ဇူလိုင် ၁၀ ရက်က ထုတ်ပြန်ထားပါတယ်။ 

ရန်ပုံငွေနဲ့ စီမံကိန်းသစ်အကြောင်း မေးမြန်းနိုင်ဖို့အတွက် ဒီဗွီဘီက ယူနီဆက်ဖ်မြန်မာကို အီးမေးလ်နဲ့ ဆက်သွယ်ထားပေမဲ့ သတင်းထုတ်တဲ့အချိန်ထိတော့ ပြန်လည်ဖြေကြားလာတာ မရှိသေးပါဘူး၊။ ဝေဝေ 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013