Home
မြန်မာသတင်း
မြို့သိမ်း ပြည်သိမ်းတိုက်ပွဲ တလှိုင်းပြီး တလှိုင်းလာမည်ဟု NUG ယာယီသမ္မတပြော
DVB
·
November 8, 2023
NUG President Duwa LaShiLa_08112023

ခုခံတော်လှန်စစ်ကနေ မြို့သိမ်း ပြည်သိမ်းတိုက်ပွဲတွေအထိ တလှိုင်းပြီး တလှိုင်း ဆက်လက် ချီတက်နိုင်ကြမယ်လို့ မျှော်လင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောလိုက်ပါတယ်။

နိုဝင်ဘာ ၇ ရက်က ပြုလုပ်တဲ့ NUG အစိုးရအဖွဲ့အစည်းအဝေးမှာခုလိုပြောလိုက်တာ ဖြစ်ပြီး ပူးပေါင်းစစ်ဆင်ရေးတွေရဲ့ အကျိုးကျေးဇူးကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရပြီ ဖြစ်သလို၊ နွေဦးတော်လှန်ရေးမှာ အမြင့်မားဆုံးသော စစ်ရေးမှတ်ကျောက်ကို ရေးထွင်းနိုင်တဲ့အချိန်ကို ရောက်လာပြီလို့လည်း ပြောပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလက “ကျနော်တို့ အစိုးရအဖွဲ့ဝင်တွေအားလုံး သိနားလည်ထားပြီး ဖြစ်တဲ့အတိုင်းပြီးခဲ့တဲ့ အောက်တိုဘာလ နှောင်းပိုင်းကနေ စတင်ပြီးတော့ ရှမ်းပြည်မြောက်ပိုင်းမှာ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးက အောင်မြင်မှု အကြီးအကျယ်ရခဲ့တာ တွေ့ရ ပါတယ်။ ယခုလည်း ၁၀၂၇ စစ်ဆင်ရေးဟာ အရှိန်အဟုန်နဲ့ ဆက်လက်ပြီး ချီတက် နေတာ တွေ့ရပါတယ်။ ၁၀၂၇ စစ်ဆင်ရေးမတိုင်ခင် မရှေးမနှောင်းကာလမှာလည်း ကချင်ပြည်နယ်မှာ အောင်ဂျာစခန်းအောင်ပွဲကို ကေအိုင်အေနဲ့ ကျနော်တို့ ပူးပေါင်း တိုက်ပွဲဝင်နိုင်ခဲ့ကြတာ ရှိပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေးမှာလည်း မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ရာနှုန်းပြည့်ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ဆင်နွှဲနေတာ ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးရဲ့ အောင်မြင်မှုဟာ ပြည်တွင်း/ပြည်ပက လူထုတရပ်လုံးကို မျှော်လင့်ချက်ရောင်ခြည် အမြင့်မားဆုံးထိ ထွန်းလင်းနိုင်ခဲ့တာကို ထင်ထင်ရှားရှားတွေ့မြင်ရပါတယ်။ ကျနော် ပူးပေါင်းစစ်ဆင်ရေးတွေရဲ့ အကျိုးကျေးဇူးကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရပြီ ဖြစ်သလို၊ နွေဦးတော်လှန်ရေးမှာ အမြင့်မားဆုံးသော စစ်ရေးမှတ်ကျောက်ကို ရေးထွင်းနိုင်တဲ့အချိန်ကို ရောက်လာပြီ ဖြစ်ပါတယ်။ ဆက်လက် ပြီးတော့ ခုခံတော်လှန်စစ်မှသည် မြို့သိမ်း ပြည်သိမ်းတိုက်ပွဲတွေအထိ တစ်လှိုင်းပြီး တစ်လှိုင်း ဆက်လက် ချီတက်နိုင်ကြမယ်လို့ ကျနော့်အနေနဲ့ အထူးမျှော်လင့်ပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် နွေဦးတော်လှန်ရေးကာလအတွင်းမှာ အကြီးကျယ်ဆုံးသော မြို့သိမ်းစစ်ဆင်ရေးတွေကို အချိန်အခါ မဆိုင်းဘဲ ထိုးစစ်ဆင် တိုက်ခိုက်နိုင်တာဟာ မဟာမိတ်အင် အားစုတွေရဲ့ ဦးဆောင်မှုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ညီညွတ်သော ပူးပေါင်းပါဝင်မှုတွေကြောင့် ဖြစ်တယ်လို့ NUG အစိုးရ ယာယီသမ္မတ ဒူဝါလ ရှီးလက ပြောပါတယ်။

“နွေဦးတော်လှန်ရေးကာလအတွင်းမှာ အကြီးကျယ်ဆုံးသော မြို့သိမ်းစစ်ဆင်ရေးတွေကို အချိန်အခါ မဆိုင်းဘဲ ထိုးစစ်ဆင် တိုက်ခိုက်နိုင်တာဟာ မဟာမိတ်အင်အားစုတွေရဲ့ ဦးဆောင်မှုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ညီညွတ်သော ပူးပေါင်းပါဝင်မှုတွေကြောင့် ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ဒါ့အပြင် သိုသိပ်စွာ ကြိုတင်ပြင်ဆင်နိုင်စွမ်းရှိတဲ့ စစ်ရေးစွမ်းရည်ကို စနစ်တကျ တည်ဆောက်ထားနိုင်လို့ဆိုတာကို မမေ့မလျော့ သတိချပ်စေချင်ပါတယ်။ ဒါ့အပြင် တော်လှန်ရေးရဲ့ ညီညွတ်ရေးစွမ်းအားကို မြှင့်နိုင်သမျှ မြှင့်တင်ထားကြဖို့ အထူးလိုအပ်ကြောင်း ပြောချင်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးနဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း မြို့သိမ်း စစ်ဆင်ရေးတွေဟာ နွေဦးတော်လှန်ရေးရဲ့ စစ်ရေးထိုးစစ်ကို အရှိန်အဟုန်ပြင်းပြင်းနဲ့ ဦးမော့စေခဲ့ပြီ ဖြစ်ပါတယ်။ ကျနော်တို့ အစိုးရအဖွဲ့ဝင်အားလုံး သိကြပြီး ဖြစ်တဲ့အတိုင်း စစ်ကောင်စီက ကျနော်တို့ တိုင်းရင်းသား တော်လှန်ရေးဌာနချုပ်တွေကို ဗဟိုပြုပြီး တိုက်ခိုက်နေတာကိုလည်း အထူးသတိပြုကြဖို့ လိုပါတယ်။ အကြမ်းဖက် စစ်ကောင်စီဟာ သူအထိနာလေလေ၊ ဗဟိုဌာနချုပ်တွေကို ပစ်မှတ်ထားပြီး အလုံးအရင်းနဲ့ ထိုးစစ်ဆင်ဖို့ လုပ်လေလေ ဖြစ်လာတာတွေ့ရပါတယ်။ စစ်ရေးမှာ ဘယ်အရာမှ သေးဖွဲသည်ရယ်လို့ မရှိပါဘူး။ ဒါ့ကြောင့် ကျနော်တို့ဟာ တိုင်းရင်းသားမဟာမိ တ်တော်လှန်ရေးအဖွဲ့တွေရဲ့ ဗဟိုဌာနချုပ်တွေကို စစ်ကောင်စီရဲ့ ထိုးစစ်ရောက်မ လာအောင် နည်းပေါင်းစုံနဲ့ ကာကွယ်လုပ်ဆောင်ကြဖို့ လိုပါတယ်။”

ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ စစ်ကိုင်းတိုင်းအထက်ပိုင်းက ကောလင်းမြို့သိမ်းတိုက်ပွဲနဲ့အတူ ဆက်လက်ပြီးတော့ တော်လှန်ထိုးစစ်ကို အရှိန်အဟုန်နဲ့ ထပ်မံ ချီတက်နေရတာကတော့ ကလေးမြို့နဲ့ တမူးမြို့တို့ပဲဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့ကိုလည်း နိုဝင်ဘာ ၇ ရက်မှာ  သိမ်းပိုက်နိုင်ခဲ့တဲ့အကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့  “၁၀၂၇ စစ်ဆင်ရေး” ကာလ ၁၂ ရက်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ  ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီ၊ ကြူကုတ်(ပန်ဆိုင်း)၊ နမ့်ခမ်းမြို့တွေ အပါအဝင် မုံးကိုးဗျူဟာကုန်းနဲ့ စစ်စခန်းပေါင်း ၁၃၀ ဝန်းကျင်အထိ သိမ်းပိုက်နိုင်ခဲ့ပြီလို့ သိရပါတယ်။

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားအာဏာသိမ်း ၂ နှစ်ခွဲကျော် ကာလ တွေအတွင်း မြန်မာနိုင်ငံရဲ့ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေးဆိုင်ရာ ကဏ္ဍအ သီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

PHOTO-NUG

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024