DVB Logo
Home
မြန်မာသတင်း
နမ့်ခမ်းတွင် TNLA နှင့်  SSPP တိုက်ပွဲဖြစ်၊ နှစ်ဘက် သေဆုံးဒဏ်ရာရမှုရှိ 
DVB
·
November 8, 2023
နမ့်ခမ်းတွင် TNLA နှင့်  SSPP တိုက်ပွဲဖြစ်၊ နှစ်ဘက် သေဆုံးဒဏ်ရာရမှုရှိ 
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် စယ်လန့်ကျေးရွာမှာ နိုဝင်ဘာ ၇ ရက် မနက်က TNLA တအာင်းတပ်နဲ့ SSPP ရှမ်းတပ်ဖွဲ့ဝင်တွေကြား ပစ်ခတ်မှုဖြစ်ပြီး နှစ်ဘက် သေဆုံး ဒဏ်ရာရ၊ ပျောက်ဆုံးနေသူတွေပါ ရှိခဲ့ပါတယ်။ 

ဖြစ်စဉ်မှာ ဒီမတိုင်ခင်ရှေ့က စယ်လန့်ရွာသား စိုင်းမောဝ်းအွန်ဟာ သူတို့ကို ဓာတ်ပုံခိုးရိုက်တယ်ဆိုပြီး TNLA တပ်ဖွဲ့ဝင်တွေက ဖမ်းခေါ်သွားကြောင်း၊ ရွာသားအဖမ်းခံရမှု အကျိုးအကြောင်းသိရဖို့ SSPP နယ်မြေအုပ်ချုပ်ရေးတာဝန်ခံနဲ့ တပ်ဖွဲ့ဝင် ၇ ဦးက ကား ၂ စီးနဲ့  သွားရောက်ညှိနှိုင်းစဉ် စယ်လန့်ရွာမှာ TNLA တပ်ဖွဲ့ဝင် အင်အား ၁၀၀ လောက်က ဝိုင်းဝန်း ပိတ်ဆို့ပစ်ခတ်ခဲ့ရာက နှစ်ဘက်ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ SSPP/SSA ဘက်က ဒီကနေ့ နိုဝင်ဘာ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။ 

အဆိုပါပစ်ခတ်မှုမှာ မွန်းတည့် ၁၂ နာရီထိ ဖြစ်ပွားခဲ့ပြီး SSPP ဘက်က ၄ ဦး ကျဆုံး၊ ၃ ဦး (ဒဏ်ရာနဲ့) ပျောက်ဆုံးပြီး ၁ ဦးပြန်လည်လွတ်မြောက်ခဲ့ကြောင်း၊ ကျဆုံးသူထဲက ၂ ဦးမှာ ပစ်ခတ်ရင်း သေဆုံးတာ မဟုတ်ဘဲ TNLA ဘက်ကဖမ်းပြီး ရွာလယ်ကောင်မှာ ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။ 

TNLA ဘက်ကလည်း ၅ ဦးထက်မနည်း ကျဆုံးသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

တိုက်ပွဲဖြစ်နေစဉ်က ပြဿနာမကြီးထွားအောင် နှစ်ဘက်တာဝန်ရှိသူတွေ ဝိုင်းဝန်းထိန်းသိမ်းဖို့ SSPP/SSA ဒုစစ်ဦးစီးချုပ် စဝ်ငေါင်းဖက TNLA စစ်ံဦးချုပ် တားဟိုပရန် ထံကိုရော၊ SSPP ဆက်သွယ်ရေးရုံးတာဝန်ခံက TNLA တာဝန်ရှိသူထံ ကြိုးစားချိတ်ဆက်ခဲ့ပေမယ့် တဖက်က အပြတ်ချေမှုန်းဖို့ အမိန့်ချခဲ့တယ်လို့  ဆိုပါတယ်။ 

အဖမ်းခံထားရတဲ့ စယ်လန့်ရွာသား စိုင်းမောဝ်းအွန်ဟာ စယ်လန့်အုပ်စု SNLD ပါတီ အလုပ်အမှုဆောင်ဖြစ်ပြီး နယ်မြေထဲမှာ စစ်ဘေးရှောင်ကူညီရေး ပရဟိတအလုပ်လုပ်နေသူ ဖြစ်ကြောင်း၊ SSPP လက်နက်ကိုင်အဖွဲ့နဲ့ ပတ်သက်ခြင်းမရှိတဲ့အတွက် သူ့ကို အမြန်ဆုံးပြန် လွှတ်ပေးဖို့  SNLD (ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) လူငယ်ရေးရာက ဒီကနေ့ နေ့စွဲနဲ့ ထုတ်ပြန်တောင်းဆိုထားပါတယ်။ 

TNLA တအာင်းတပ်နဲ့  SSPP တပ်တို့ဟာ မဟာမိတ်ဖွဲ့ထားပေမယ့်လည်း ပြီးခဲ့တဲ့ စက်တင်ဘာ  ၂၃ ရက်က ကွတ်ခိုင်မြို့နယ် မိုင်းယုအုပ်စု မန်ပန်ကျေးရွာဘက်မှာ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါသေးတယ်။ အဆိုပစ်ခတ်မှုအပြီး နှစ်ဘက်ညှိနှိုင်းလို့ ပြေလည်သွားကြောင်း ထုတ်ပြန်ခဲ့ပေမယ့် အခုလို ထပ်မံထိတွေ့ပစ်ခတ်မှု ဖြစ်ခဲ့တာပါ။ 

ဒီကိစ္စနဲ့ ပတ်သက်ပြီး PSLF/ TNLA တာဝန်ရှိသူကို DVB က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

Photo - ယမန်နေ့က ကျဆုံးခဲ့သော တပ်ဖွဲ့ဝင်များအတွက် SSPP ဌာနချုပ်တွင် ဝမ်းနည်းမှုအထိမ်းအမှတ် ဆုတောင်းပွဲကျင်းပစဉ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013