DVB Logo
Home
မြန်မာသတင်း
“၁၀၂၇ စစ်ဆင်ရေး”အတွင်း  မုံးကိုးဗျူဟာကုန်း အပါအဝင် စစ်စခန်းပေါင်း ၁၃၀ ခန့် သိမ်းပိုက်ရရှိ 
DVB
·
November 7, 2023
“၁၀၂၇ စစ်ဆင်ရေး”အတွင်း  မုံးကိုးဗျူဟာကုန်း အပါအဝင် စစ်စခန်းပေါင်း ၁၃၀ ခန့် သိမ်းပိုက်ရရှိ 
Donate to DVB

ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့  “၁၀၂၇ စစ်ဆင်ရေး” ကာလ ၁၂ ရက်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ  ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီ၊ ကြူကုတ်(ပန်ဆိုင်း)၊ နမ့်ခမ်းမြို့တွေ အပါအဝင် မုံးကိုးဗျူဟာကုန်းနဲ့ စစ်စခန်းပေါင်း ၁၃၀ ဝန်းကျင်အထိ သိမ်းပိုက်နိုင်ခဲ့ပြီလို့ သိရပါတယ်။

မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်တဲ့ MNDAA, TNLA, AA တို့ဖော်ဆောင်ခဲ့တဲ့ စစ်ဆင်ရေး ၁၂ ရက်တာအတွင်း စစ်ကောင်စီတပ်ရဲ့ တပ်စခန်းပေါင်း ၁၃၀ ဝန်းကျင်ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့  MNDAA ပြောခွင့်ရသူ လီကျားဝင်းက ဒီဗွီဘီကို ပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၇ ရက် ဒီနေ့မှာ မုံးကိုးမြို့ရဲ့အရေးပါတဲ့ တပ်စခန်းတစ်ခုဖြစ်တဲ့ “မုံးကိုးဗျူဟာကုန်း” ကို သိမ်းပိုက်နိုင်ခဲ့ပြီလို့ အတည်ပြုပါတယ်။

နှစ်ဖက်အထိအခိုက် အသေးစိတ်ကိုမသိရပေမယ့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့  သံချပ်ကာကားအပါအဝင် လက်နက်ခဲယမ်းအမြောက်အများကိုသိမ်းဆည်းရရှိခဲ့ကြောင်း The Kokang Page မှာထုတ်ပြန်ခဲ့ပါတယ်။

MNDAA ပြောခွင့်ရသူ လီကျားဝင်းက “ဒီနေ့ နေ့လယ်ပိုင်းမှာပဲ သိမ်းပိုက်နိုင်လိုက်ပြီဗျ။ ဒီနေ့နဲ့ဆိုရင် ကျနော်တို့ ၂/၃ ရက်လောက် အချိန်ပေးပြီး တိုက်ရတယ်ဗျ။ ရှမ်းမြောက်မှာတော့ ဒီမုန်းကိုးဗျူဟာကုန်းက တော်တော်အရေးတော့ပါတာပေါ့နော်။ ပြီးတော့အင်အားကလည်း သူ ၁၀ ရင်းစလုံးကို တပ်ဖြန့်ထားတယ်လေ။ ဒါပေမဲ့  မုံးကိုးမြို့ကို ထိန်းချုပ်နိုင်ပြီလားဆိုတာတော့ ကျနော်အတည် မပြုပေးနိုင်သေးဘူးဗျ ”လို့ပြောပါတယ်။

MNDAA ရဲ့ ဦးဆောင်မှုနဲ့ ဒရုန်းတပ်တွေအပါအဝင် မြေပြင်တပ်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီတိုက်ပွဲမှာ သံချပ်ကာကားတစ်စီး ထပ်ရတာကြောင့် စစ်ကောင်စီရဲ့ သံချပ်ကာ ၇ စီးအထိကို ရရှိထားပြီ ဖြစ်ပါတယ်။

ဗျူဟာကုန်းကို သိမ်းပိုက်အပြီး လတ်တလောမှာတော့ မုံးကိုးမြို့နယ်တဝိုက် တိုက်ပွဲတွေ မရှိသေးဘူးလို့လည်း MNDAA ပြောခွင့်ရသူက ဆိုပါတယ်။

မုံးကိုးဗျူဟာကုန်းဆိုတာ တောင်တွေဝိုင်းရံထားတဲ့ မုံကိုးမြို့ရဲ့အနောက်ဘက် တောင်ကြောပေါ်မှာရှိပြီး တမြို့လုံးကို လက်နက်ကြီးနဲ့ လက်လှမ်းမီတဲ့နေရာဖြစ်တယ်လို့ နိုင်ငံရေး၊ စစ်ရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ရှင်းပြပါတယ်။

“မုံးကိုးဗျူဟာကုန်းကို ရပြီဆိုရင်တော့ မုံးကိုးမြို့လည်း သိမ်းပိုက်လို့ရပြီဆိုတဲ့ အဓိပ္ပာယ်ပေါ့ဗျာ။ ပြောရရင် မုံးကိုး ကွင်းတစ်ကွင်းလုံးကို သိမ်းနိုင်ပြီ။ မုံးကိုးကွင်းရဲ့ အနောက်ဘက်ခြမ်းမှာ မုံးကိုး ရှိတယ်။ အရှေ့ဘက်ခြမ်းမှာ ဖောင်းဆိုင် ရှိတယ်။ ဖောင်းဆိုင်က နိုင်ပြီးပြီဆိုတော့ ဗျူဟာစခန်းကျပြီဆိုရင် မုံးကိုးကွင်းတစ်ခုလုံး သိမ်းပိုက်နိုင်ပြီဆိုတဲ့ အနေအထားပါဗျ။”

မြောက်ပိုင်းမဟာမိတ်ဘက်က စစ်ဆင်ရေး ၁၂ ရက်တာအတွင်း ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီ၊ ကြူကုတ်(ပန်ဆိုင်း)၊ နမ့်ခမ်းမြို့တွေကိုသိမ်းပိုက်ထားနိုင်ပြီး PDF ပူးပေါင်းတပ်တွေဘက်ကလည်း ကောလင်းနဲ့ ခါမ်းပါတ်မြို့တွေကိုသိမ်းပိုက်ခဲ့ပါတယ်။

တကယ်လို့ မုံးကိုးမြို့ကိုပါ သိမ်းပိုက်နိုင်ခဲ့ရင် မြို့ ၈ မြို့အထိကို စစ်ကောင်စီဘက်က လက်လွှတ်လိုက်ရမှာ ဖြစ်ပါတယ်။

ဒီအနေအထားဟာ “စစ်ဆင်ရေး ၁၀၂၇” နဲ့  နွေဦးတော်လှန်ရေးဦးဆောင်သူလို့ ပြောလို့ရတဲ့ NUG တို့ရဲ့ ပေါင်းစပ်မှုဖြစ်လာနေပြီး မြန်မာပြည်အလယ်ပိုင်းမှာ စစ်ရေးအရ အရေးပါတဲ့ တိုက်ခိုက်မှုတွေ ဖြစ်လာစေမယ်လို့ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

ရှမ်းပြည်မြောက်ပိုင်းထဲက မုံးကိုးဒေသကတိုက်ပွဲတွေထဲ နိုဝင်ဘာ ၅ ရက်နဲ့ ၆ ရက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ တပ်မ ၉၉ က ဗျူဟာမှူး ဗိုလ်မှူးကြီးအပါအဝင်  အရာရှိစစ်သည် ၃၁ ဦး သေဆုံးခဲ့တယ်လို့သိရပါတယ်။ 

စိုးသူအောင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013