DVB Logo
Home
မြန်မာသတင်း
ရမည်းသင်း၊ မတူပီ၊ ယင်းမာပင်၊ ကနီနှင့် ကလေးဒေသ တိုက်ပွဲများတွင် စစ်ကောင်စီတပ်များ သေဆုံး ဒဏ်ရာရ
DVB
·
November 7, 2023
ရမည်းသင်း၊ မတူပီ၊ ယင်းမာပင်၊ ကနီနှင့် ကလေးဒေသ တိုက်ပွဲများတွင် စစ်ကောင်စီတပ်များ သေဆုံး ဒဏ်ရာရ
1 / 5
Donate to DVB

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်မှာ နိုဝင်ဘာ ၆ ရက် မနက်ပိုင်းက စစ်ကောင်စီရဲ့ ဂိတ်စခန်းတခု တိုက်ခိုက်ခံရတယ်လို့  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက  သိရပါတယ်။

ရမည်းသင်းမြို့နယ်၊ သပြေစမ်းကျေးရွာနားက ရန်ကုန်-မန္တလေး အမြန်လမ်းရှိ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်စခန်းကို မနေ့ မနက် ၁ နာရီခွဲလောက်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ကြတယ်လို့ မြို့သစ်မြို့နယ် ပကဖရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုတိုက်မောင်းက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်ပေမဲ့ အတိအကျ မသိရသေးပါဘူး။

အဲဒီတိုက်ခိုက်မှုကို မြို့သစ်ပကဖ၊ နတ်မောက်ပကဖ၊ ဗိဿနိုး-PDF ကျားသစ်နက်တပ်ခွဲ၊ ဗိဿနိုး-PDF တပ်ရင်း-၇ ဗိုလ်မင်းရောင်တပ်ခွဲ၊ မြို့သစ်ပကဖ တိုက်ဒေါင်းတပ်ခွဲနဲ့ Dog Hunter PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး မိနစ် ၂၀ လောက် တိုက်ခိုက်ခဲ့ကာ ပူးပေါင်းတပ်ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာခဲ့ကြတယ်လို့ ပြောပါတယ်။

ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာလည်း  ငလိုင်ကျေးရွာအနီး စောင်ထီယားကျေးရွာလမ်းခွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ CDF-မတူပီ တပ်ရင်း-၂ တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်က ၂ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တပ်ရင်း-၂ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

နိုဝင်ဘာ ၆ ရက် ညနေ ၄ နာရီ ၄၅ ကနေ ည ၉ နာရီအထိ မတူပီ-ငလိုင် ကျေးရွာကြားရှိ စောင်ထီယားကျေးရွာလမ်းခွဲကို မတူပီမြို့အခြေစိုက် ခလရ-၁၄၀ က စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၆၀ လောက်က စစ်ကြောင်း နှဏ်ကြောင်းခွဲပြီး ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့အတွက် CDF မတူပီ တပ်ရင်း-၂ နဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က တပ်ကြပ်ကြီးတဦး အပါအဝင် နှစ်ဦး သေဆုံး၊ တဦး ဒဏ်ရာရရှိခဲ့ကာ CDF-မတူပီ တပ်ရင်း-၂ ဘက်က အထိအခိုက်မရှိ ခုခံနိုင်ခဲ့တယ်လို့ သိရပါတယ်။

CDF-မတူပီ တပ်ရင်း-၂ ပြန်ကြားရေးတာဝန်ခံက “မနေ့က တိုက်ပွဲ အတော်ပြင်းထန်တယ်။ ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်နေတယ်။ ဒီမနက်လည်း သူတို့က နောက်မဆုတ်ဘဲ တဖြည်းဖြည်း တိုးလာတယ်ဆိုတော့ အချိန်မရွေး တိုက်ပွဲပြန်ဖြစ်နိုင်တယ်။ စစ်ရေးတင်းမာတဲ့ အခြေအနေလို့ ပြောလို့ရတယ်” လို့ ပြောပါတယ်။

မတူပီ-ဟားခါးလမ်းပိုင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေသောကြောင့် မိဘပြည်သူတွေ အနေနဲ့ လက်နက်ကိုင်ဆောင်တာ၊ အမဲလိုက်တာတွေ မပြုလုပ်ကြဖို့ CDF မတူပီ တပ်ရင်း-၂ က တောင်းဆိုထားပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာတော့  လက်တောင်းကြီးကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ နိုဝင်ဘာ ၆ ရက်က စတင်ကာ ဒီနေ့ နိုဝင်ဘာ ၇ ရက်‌အထိ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးတပ် ခေါင်းဆောင်တွေဆီကနေ သိရပါတယ်။

အဆိုပါစစ်ကြောင်းဟာ ပုလဲမြို့ကနေ စတင်ထွက်ခွာလာတဲ့စစ်ကြောင်း ဖြစ်တယ်လို့လည်း ဒေသခံ ကာကွယ်ရေးခေါင်း‌ေဆာင်တွေဆီကနေ သိရပါတယ်။

ယင်းမာပင် မြို့ပြပြောက်ကျား ဟိန္နကအဖွဲ့ခေါင်းဆောင် ရဲ‌ဘော်ကိုကင်းက “မနေ့ကတော့ နေ့ခင်းပိုင်း‌လောက်က စဖြစ်တာပါ။ ဒီနေ့ကတော့ မနက်ခင်း ၈ နာရီလောက် ဖြစ်တယ်။ ၉ နာရီလောက်ရောက်တော့ မုံရွာနမခကနေ ဂျက်လေယာဉ် ၂ စီးနဲ့ သေဆုံးဒဏ်ရာရတဲ့သူတွေ လာတင်ခေါ်သွားတယ်။ ၂ ရက်တာ တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က ၃၀‌ ‌လောက် သေဆုံး ထိခိုက်ဒဏ်ရာ ရရှိလိမ့်မယ်ဗျ။ ကျနော်တို့ဘက်ကတော့ ရဲဘော်တဦး လက်ကျည်ထိတာ တဦးပဲ ရှိခဲ့တယ်” လို့ ပြောပါတယ်။

အခုတိုက်ပွဲကို ယင်းမာပင်မြို့နယ် တာဇံကြီးအဖွဲ့၊ ဗိုလ်စကိုင်းအဖွဲ့၊ ယင်းမာပင်မြို့ပြပြောက်ကျား ဟိန္နကတပ်ခွဲ တော်လှန်ပြောက်ကျားအဖွဲ့တို့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်ကတော့ လက်တောင်းကြီးရွာမှာ တပ်စွဲနေပြီး အဆိုပါ လက်တောင်းကြီးရွာ အနီးအနားက ကျေးရွာ ၁၀ ကျော်က ပြည်သူထောင်နဲ့ချီ စစ်ဘေးရှောင်နေကြရတယ်လို့လည်း သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းက စစ်သင်္ဘော ၂ စီးကို နိုဝင်ဘာ ၆ ရက် ည ၁၀ နာရီက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေး ကျောက်လုံးကြီးတပ်မဟာကနေ သိရပါတယ်။

အဆိုပါ စစ်သင်္ဘောတွေဟာ ကနီမြို့ဆိပ်ကမ်းကနေ စတင်ထွက်ခွာလာပြီး ညောင်ပင်ဝန်းရွာ အနီးမှာ သိမ်းပိုက်ခဲ့တာလို့လည်း သိရပါတယ်။

ကနီမြို့နယ် ပြည်သူ့ကာကွယ်‌ရေး ကျောက်လုံးကြီးတပ်မဟာအဖွဲ့မှ AT က “တိုက်ပွဲကတော့ မနက်ခင်းကတည်းက ဖြစ်နေတာပါ။ သိမ်းနိုင်တာက ည ၁၀ နာရီလောက်မှာ အပြီးသိမ်းနိုင်ခဲ့တာဗျ။ စစ်ကောင်စီဘက်ကတော့ အကျအဆုံးများတယ်။ ညတိုက်ပွဲဆိုတော့ စစ်ကောင်စီဘက်က အကျအဆုံး အတိအကျတာ့ မသိရဘူး။ ကျနော်တို့ဘက်ကတော့ အထိအခိုက် အကျ‌‌အဆုံး မရှိခဲ့ဘူး” လို့ ပြောပါတယ်။

အခုတိုက်ပွဲကို ယင်းမာပင်ခရိုင် တပ်ရင်း-၂၁၊ ၂၂၊ ၂၃ KLG PDF နဲ့ ယင်းမာပင်ခရိုင် တပ်မဟာ၊ BLDF၊ ဒေသခံပကဖတွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ကလေးမြို့နယ်၊ လက်ပံ‌ချောင်းကျေးရွာမှာတော့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်လို့  အမျိုးသားတဦး ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

မနေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က ကလေးမြို့တွင်း စစ်ဌာနချုပ်တွေကနေ လက်နက်ကြီးနဲ့ မြို့နယ်‌မြောက်ပိုင်းကို ပစ်ခတ်ခဲ့ရာ လက်ပံချောင်းရွာက အသက် ၃၁ နှစ်အရွယ် ကိုPuLalramchhana လက်နက်ကြီးထိမှန် သေဆုံးခဲ့ပါယ်။

သေဆုံးသူအမျိုးသားမှာ ကလေးတယောက်နဲ့ ကိုယ်ဝန်သည် ဇနီးတယောက် ကျန်ရှိနေခဲ့ပြီး သူတို့က သာမန်အရပ်သားပြည်သူတွေလို့ လက်ပံချောင်းရွာနဲ့နီးစပ်တဲ့ ကလေးမြို့ တော်လှန်ရေးအင်အားစု အဖွဲ့ဝင်တဦးက ပြောပါတယ်။

နိုဝင်ဘာ ၅ ရက်ကလည်းလက်ပံချောင်းရွာအတွင်းကို စစ်ကောင်စီလက်နက်ကြီးကျည်  ၃ လုံး ကျရောက်ပေါက်ကွဲပြီး နေအိမ်တလုံး ထိမှန် ပျက်စီးခဲ့ပါသေးတယ်။

လက်ရှိမှာ စစ်ကောင်စီက ကလေးမြို့အနီးတဝိုက် ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်နေပြီး နိုဝင်ဘာ ၃ ရက်နဲ့ ၄ ရက်ကလည်း စစ်ကောင်စီလက်နက်ကြီးကြောင့် လက်ပံ‌ချောင်းရွာသူ ၂ ဦးနဲ့ ဥယျာဉ်ရွာသူ ၁ ဦး သေဆုံးခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013