ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ဘုတ်ဆိပ်ရှိ ရွှေနယ်စပ် ကာရာအိုကေဆိုင်မှာ နိုဝင်ဘာ ၆ ရက် ညနေ ၅ နာရီကျော်က နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ သောက်စားမူးယစ်ပြီး သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း မျက်မြင်ဒေသခံတွေထံက သိရပါတယ်။
မောင်တောဒေသခံ မျက်မြင် တဦးက “နခခ ၁၀ နယ်ခြားစောင့် ၄ ဦး စျေးလာဝယ်ရင်းနဲ့ ရွှေနယ်စပ် ကာရာအိုကေဆိုင်မှာ သီချင်းဆိုရင်း သောက်စားမူးယစ်ပြီး ပစ္စတိုနဲ့ မိုးပေါ်ကို ၃ ချက် ထောင်ပစ်ပြီး ရမ်းကားတာ။ နောက်ဘက်ကဆိုင်မှာ ကျနော်တို့လည်း ထိုင်နေကြတာ၊ လူကိုသာထိရင် သွားပြီပေါ့ဗျာ” လို့ ပြောပါတယ်။
အဲဒီ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ သေနတ်ပစ်ဖောက်ပြီး ထွက်ပြေးခဲ့ကြရာ မောင်တောခရိုင် ရဲမှူးကြီးကိုယ်တိုင် ဦးစီးပြီး မောင်တောမြို့ ဆွမ်အုပ်ခွဆုံအနီး ဆိုင်ကယ်ပြင်ဆိုင်မှာ သူတို့ဆိုင်ကယ်တွေနဲ့အတူ ဖမ်းဆီးနိုင်ခဲ့ကြောင်း အုပ်ချုပ်ရေး တာဝန်ရှိသူတဦးက ပြောပါတယ်။
“သူတို့က ၄ ဦးလာကြတာ၊ ဒုရဲအုပ်တဦး ပါတယ်။ တပ်သားက ၃ ဦး၊ ကာရာအိုကေဆို၊ သောက်စားကြပြီး ဒုရဲအုပ်နဲ့ တပ်သားတဦးက ဆိုင်ကယ်နဲ့ စျေးဝယ်ထွက်သွားကြတယ်။ နောက် တပ်သား ၂ ဦးက ကျန်နေခဲ့တယ်။ အဲဒီမှာ ဒုရဲအုပ်မှာပါလာတဲ့ အိတ်ကို ထားခဲ့တာ။ ဟိုနှစ်ကောင်က ပိုက်ဆံ ဒီလောက်ကျလား ဘာလားဆိုပြီး သောင်းကျန်းပြီး ဒုရဲအုပ်ပစ္စတိုကို ယူပြီး မိုးပေါ်ကိုပစ်ပြီး ထွက်ပြေးသွားကြတယ်။ ဆိုင်ရှင်က ရဲကို အကြောင်းကြားတော့ သူတို့ ၄ ဦးလုံးကို မောင်တောခရိုင်ရဲမှူးကြီးကိုယ်တိုင် ဦးစီးပြီး လိုက်လံရှာဖွေကြတာ။ ဆိုင်ကယ်ပြင်ဆိုင်မှာ သွားဖမ်းမိကြတာ။”
နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦးမှာ နခဖ ၁ ကွပ်ကဲမှုအောက်ရှိ နခခ ၁၀၊ ခွဲ ၁ လှုပ်ရှားအဖွဲ့မှ ကျားခေါင်းတောင်မှာ လှုပ်ရှားတာဝန်ဆောင်နေကြတဲ့ လ-၂၃၈၅၉၂ ဒုရဲအုပ် ချမ်းမြေ့သက်ခိုင်၊ လ-၂၉၆ဝ၅၀ ရဲတပ်သား ကျော်ခင်မောင်မောင်၊ လ-၂၉၆၀၉၈ ရဲတပ်သား မောင်မောင်ကျော်၊ လ-၂၉၆၁၅၄ ရဲတပ်သား ရဲရင့်ဖြိုးတို့ဖြစ်ကြပါတယ်။
ရဲအုပ် ချမ်းမြေ့သက်နိုင်က သူကိုင်ဆောင်တဲ့ MA-5 ပစ္စတိုသေနတ်ကို တပ်သား မောင်မောင်ကျော်ထံ ခေတ္တအပ်နှံပြီး တပ်သားရဲရင့်ဖြိုးနဲ့အတူ လိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့ မောင်တောဈေးကို သွားရောက်နေစဥ် ရဲတပ်သား မောင်မောင်ကျော်နဲ့ ရဲတပ်သား ကျော်ခင်မောင်မောင်တို့က စားသောက်အပြီး ငွေရှင်းရာမှာ ဒီလောက်ကျရမလားဆိုပြီး အပြင်ထွက်လာကာ ဒုရဲအုပ် ချမ်းမြေ့သက်နိုင် အပ်ခဲ့တဲ့ MA-5 ပစ္စတိုကို ရဲတပ်သား မောင်မောင်ကျော်က မိုးပေါ်ထောင်ပြီး ၃ ချက်ပစ်ဖောက် ထွက်ပြေးခဲ့တာ ဖြစ်ပါတယ်။
တာဝန်ရှိသူတဦးက “နခခ ၁၀ က ရဲမှူးကြီးလက်ထဲ သေနတ်နဲ့ တပ်ဖွဲ့ဝင်တွေကိုပါ လွှဲပေးလိုက်တယ်။ သူတို့မှာတော့ တပ်တွင်း စည်းကမ်းဥပဒေအရ အရေးယူမယ် ထင်ပါတယ်။ မြို့ထဲမှာ ပစ်ဖောက်တာဆိုတော့ မောင်တောရဲမှာ တာဝန်အပြည့်ရှိတယ်လေ။ ချက်ချင်းမရအရ ဖမ်းကြရတာ” လို့ ပြောပါတယ်။
အဆိုပါ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦးကို နခခ ၁၀ ကို ဆက်သွယ်အကြောင်းကြားပြီး ဒုရဲအုပ် ချမ်းမြေ့သက်နိုင် ကိုင်ဆောင်တဲ့ MA-5 ပစ္စတိုတလက်၊ ကျည် သုံးတောင့်၊ ကျည်ခွံ နှစ်ခုတို့နဲ့ အတူ နခခ ၁၀ ရဲမှူးလက်ထဲ ပြန်လည်အပ်နှံပေးခဲ့ပါတယ်။