
ရခိုင်ပြည်နယ်၊ မောင်တောမြို့မရဲစခန်းနဲ့ မြို့ဝင်စစ်ဆေးရေးဂိတ်တွေကို PDF တပ်ဖွဲ့ဝင်တွေ ဒရုန်းတွေနဲ့ ဝင်ရောက်တိုက်ခိုက်မယ့်သတင်းကြောင့် နိုဝင်ဘာ ၅ ရက် ညက စစ်ကားတွေ လှည့်ပတ်နေပြီး ဒေသခံတွေ စိုးရိမ်နေကြကြောင်း မောင်တောဒေသခံတွေထံက သိရပါတယ်။
မောင်တောဒေသခံ စျေးသည်တဦးက “မနေ့ညက စစ်ကား ၄ စီးနဲ့ ရဲကားတွေ ည ၈ နာရီခွဲလောက်မှာ မြို့ကို လှည့်ပတ်နေကြတော့ စျေးဆိုင်တွေ၊ စားသောက်ဆိုင်တွေ အကုန်လုံးပိတ်ပြီး လမ်းမှာ လူတောင်မရှိတော့ဘူး။ အားလုံး စိုးရိမ်ပြီး နေအိမ်တွေ ပြေးဝင်သွားခဲ့ရတယ်။ သတင်းကြားတာကတော့ မြို့မရဲစခန်းနဲ့ မြို့ဝင်ဂိတ်ကို PDF တွေ ဒရုန်းနဲ့ လာတိုက်မယ်ဆိုတဲ့သတင်း ရထားတာကြောင့်လို့ သိရတယ်ဗျ” လို့ ပြောပါတယ်။
စစ်ကား ၄ စီးနဲ့ ရဲကားတွေ ည ၈ နာရီခွဲလောက်ကစပြီး သန်းခေါင်ကျော်အထိ မောင်တောမြို့ရှိ ရပ်ကွက်တွေနဲ့ ကျေးရွာတွေပါမကျန် လှည့်ပတ်နေခဲ့ကြကြောင်း မျက်မြင်ဒေသခံတွေထံက သိရပါတယ်။
ရက္ခိုင့်တပ်တော် (AA) ပါဝင်တဲ့ ညီနောင်မဟာမိတ်တွေရဲ့ ‘၁၀၂၇ စစ်ဆင်ရေး’ မှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ နယ်စပ်မြို့တချို့ အပါအဝင် စစ်ရေးအရ အရေးပါတဲ့ စခန်းတွေ ဆုံးရှုံးသွားခဲ့ရတာကြောင့် ရခိုင်မှာလည်း AA မဟုတ်ဘဲ့ PDF တွေက ဒရုန်းတွေနဲ့ တပ်စခန်းတွေ တိုက်ခိုက်လာမှာကို စိုးရိမ်တာကြောင့် အခုလို ကင်းလှည့်နေသလို ရဲစခန်းအနီးပတ်ဝန်းကျင်ရှိ ဗလီကြီးက သစ်ပင်တွေကိုလည်း ရှင်းလင်းထားတယ်လို့ ရခိုင်စစ်ရေးလေ့လာသူတွေက ဆိုပါတယ်။
စစ်ရေးလေ့လာသူ မောင်တောဒေသခံတဦးက “သူတို့က ရခိုင်ပြည်ထဲကို PDF တွေ ဝင်ရောက်နေတယ်လို့ သတင်းတွေ ရထားတာတွေ ရှိနိုင်တာပေါ့ဗျာ။ AA နဲ့ကျတော့ အပစ်ရပ်ထားတယ်၊ စိုးရိမ်ဖို့မလိုဘူး။ PDF တွေကျတော့ အချိန်အရွေး တိုက်လာတဲ့သဘောပေါ့။ နောက်တခုက မြောက်ဘက်ပိုင်းက တိုက်ပွဲတွေ အထိနာနေတော့ မောင်တောဘက်ကို အာရုံလွှဲလာနိုင်တယ်လို့ ယူဆရတယ်ဗျ” လို့ ပြောပါတယ်။
လက်ရှိ ရခိုင်ဒေသမှာ တိုက်ပွဲဖြစ်ပွားမှု မရှိသေးပေမဲ့ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှား ပြင်ဆင်မှုတွေကို ရခိုင်ဒေသမှာ အရင်ကထက် ပိုမိုများပြားလာတာ တွေ့နေရတယ်လို့ ညီနောင်မဟာမိတ်တွေက သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိ နိုဝင်ဘာ ၆ ရက် ညနေ ၅ နာရီကလည်း သေနတ်သံတွေ ထွက်ပေါ်လာတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေရကြောင်း မောင်တောမြို့ခံတွေထံက သိရပါတယ်။










