DVB Logo
Home
မြန်မာသတင်း
ရသေ့တောင်တွင် ဆယ်တန်းကျောင်းသူ ၁ ဦး ကြိုးဆွဲချသေဆုံး
DVB
·
November 7, 2023
ရသေ့တောင်တွင် ဆယ်တန်းကျောင်းသူ ၁ ဦး ကြိုးဆွဲချသေဆုံး
Donate to DVB

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ ဆားပြင်ကြီးကျေးရွာမှာ နေထိုင်တဲ့ တက္ကသိုလ်ဝင်တန်း ကျောင်းသူတဦးဟာ သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာမှာ တင်ထားတဲ့ ဓာတ်ပုံတွေကို ယူပြီး ညစ်ညမ်းပုံအဖြစ် ပြောင်းလဲဖြန့်ဝေမယ်လို့ ယောကျ်ားတယောက်ရဲ့ ခြိမ်းခြောက်မှုကို ခံခဲ့ရတဲ့အတွက် ကြိုးဆွဲချ သေဆုံးသွားခဲ့​တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

နိုဝင်ဘာ ၂ ရက်က အဆုံးစီရင်ပြီး ကြိုးဆွဲချသေဆုံးခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် တက္ကသိုလ်ဝင်တန်းကျောင်းသူရဲ့ သေတမ်းစာမှာလည်း အထက်ပါအတိုင်း ခြိမ်းခြောက်ခံထားရတဲ့အကြောင်းကို ထည့်သွင်းရေးသားထားတယ်လို့ သိရပါတယ်။

သေတမ်းစာမှာ “fb က လူတယောက်က နင့်ပုံတွေယူပြီး နင့်သူငယ်ချင်းတွေထိပါ အရှက်ခွဲမယ်လို့ပြောတယ်။ vc တွေလည်း ခေါ်တယ်။ ငါကြောက်လို့ ငါ့ဟာငါ သတ်သေခဲ့တာပါ။ အိမ်နဲ့လည်း ပြဿနာမဖြစ်ပါ။ ငါ့အကြောင်းနဲ့ငါ သတ်သေတာပါ။ တောင်းပန်ပါတယ်။ အမိနဲ့ ဘာဘာ လူ့လောကအလယ်မှာ အမိနဲ့ ဘာဘာကို နှစ်ယောက်တည်း ထားခဲ့ရတဲ့အတွက်” လို့ ရေးသားထားပါတယ်။

သေဆုံးသူမိန်းကလေးမှာ မွေးချင်း အစ်ကို ၅ ယောက်ရှိပြီး သူဟာ ၆ ယောက်မြောက် အငယ်ဆုံး တဦးတည်းသော သမီးလေးဖြစ်ပြီး ယောကျ်ားလေးလိုသာ နေတဲ့သူဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

“ခြိမ်းခြောက်တဲ့သူအတွက်ကတော့ ဘာရယ်မဟုတ်ဘူး။ ဒါပေမဲ့ အပြစ်မဲ့တဲ့ ကျောင်းသူလေး အဆုံးစီရင်သွားတဲ့ထိ ဖြစ်သွားတာ၊ သူ့မိဘတွေဆို ဘယ်လောက်ရင်ကျိုးနေမလဲ။ ကလေးမလေးက သူ့အစ်ကိုတွေနဲ့ပေါင်းပြီး ယောကျ်ားလေးလိုပဲနေတာ။ ဘောလုံးကန်တာတွေလည်း ဝါသနာပါတယ်။ သနားစရာလေးပါ” လို့ မိသားစုနဲ့နီးစပ်တဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကို နိုဝင်ဘာ ၃ ရက် မနက်ပိုင်း ကျေးရွာသုသာန်မှာ သင်္ဂြိုဟ်ခဲ့ပြီး ရသေ့တောင်မြို့နယ် ရဲစခန်းက သေမှုသေခင်းဖွင့်ကာ စုံစမ်းစစ်ဆေးမှုတွေ ပြလုပ်နေတယ်လို့ သိရပါတယ်။

ရသေ့တောင်ရဲစခန်းက ရဲတွေကတော့ သက်သေအဖြစ် သေဆုံးသူ မိန်းကလေး သုံးခဲ့တဲ့ ဖုန်းအပါအဝင် တခြားအသုံးအဆောင်တချို့ကိုလည်း သိမ်းဆည်းခဲ့ပြီး သေခင်းဖွင့်ထားကာ ခြိမ်းခြောက်မှုလုပ်ခဲ့တဲ့သူကို ရှာဖွေ စုံစမ်းနေတယ်လို့ သိရပါတယ်။

နည်းပညာတွေ တိုးတက်နေတဲ့ ခေတ်ထဲမှာ အွန်လိုင်းကတဆင့် ခြိမ်းခြောက်မှုတွေကို အရေးယူနိုင်တဲ့ ဥပဒေတွေကို ပြဋ္ဌာန်းထားသင့်ပြီး မိဘတွေအနေနဲ့လည်း သမီး မိန်းကလေးငယ်တွေကို မိုဘိုင်းလ်ဖုန်း အသုံးပြမှုတွေအတွက် ဂရုတစိုက်ရှိသင့်တာ ဖြစ်ပါတယ်။

အခုလို ခြိမ်းခြောက်မှုတွေနဲ့ ကြုံတွေ့လာရတဲ့အခါ မိဘတွေကိုဖြစ်‌စေ၊ နီးစပ်တဲ့ ဆွေမျိုးအသိုင်းအဝိုင်းကိုဖြစ်စေ၊ ခင်မင်ရဆုံး သူငယ်ချင်းတွေကိုဖြစ်စေ အသိပေး တိုင်ပင်တာတွေ ပြုလုပ်ဖို့အတွက် သားသမီးတွေကို လမ်းညွှန်ပြောဆိုမှုတွေ ပြုလုပ်ထားသင့်ကြောင်း အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတဦးက ​ပြောကြားခဲ့ပါတယ်။

“ဥပဒေကြောင်းအရလည်း အခုလို ကျူးလွန်သူတွေကို ထိုက်သင့်တဲ့ အရေးယူမှုတွေ လုပ်နိုင်ဖို့ ဥပဒေပြဋ္ဌာန်းတာတွေလည်း ထိထိရောက်ရောက်ဖြစ်အောင် လုပ်ဆောင်သင့်ပါတယ်” လို့ ရန်ကုန်မြို့က အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူလည်းဖြစ်၊ ရှေ့နေလည်းဖြစ်တဲ့ အမျိုးသမီးတဦးက မှတ်ချက်ပြု ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013