DVB Logo
Home
မြန်မာသတင်း
လီဆူအမျိုးသားများကို တအိမ်တယောက် စစ်မှုမထမ်းမနေရ ဒူးလေးပါတီဥက္ကဋ္ဌက လိုက်လံစည်းရုံး
DVB
·
November 7, 2023
လီဆူအမျိုးသားများကို တအိမ်တယောက် စစ်မှုမထမ်းမနေရ ဒူးလေးပါတီဥက္ကဋ္ဌက လိုက်လံစည်းရုံး
Donate to DVB

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ လီဆူအမျိုးသားတွေကို တအိမ်တယောက် စစ်မှုမထမ်းမနေရ စီမံချက်ကို စစ်ကောင်စီလက်အောက်ခံ ဒူးလေးပါတီဥက္ကဋ္ဌက ဆောင်ရွက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လီဆူအမျိုးသားတွေကို တအိမ်တယောက် စစ်မှုမထမ်းမနေရ စီမံချက်ကို ဦးဆောင်သူမှာ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဥက္ကဋ္ဌ ဦးရွှေမင်းဖြစ်ပြီး ရည်ရွယ်ချက်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကို ပြန်လည်တိုက်ခိုက်ဖို့အတွက် ဖြစ်တယ်လို့ မိုင်းနားရပ်ကွက်နေသူတဦးက ပြောပါတယ်။

“၂၀၂၂ ကတည်းက ဦးရွှေမင်း လုပ်နေတာ၊ အရင်ကလည်း KIA ဆန့်ကျင်ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့တာဆိုတော့ လီဆူမျိုးနွယ်စုတွေ ဖိနှိပ်ခံရတာကို အဓိကထားပြီး စည်းရုံးတာ။ အခုလည်း သူက အမိန့်ပေးတဲ့ပုံစံနဲ့ မဖြစ်မနေ ဝင်ရမယ်ဆိုပြီး လုပ်လာတာ၊ စစ်တပ်ဘက်ကနေပြီး မျိုးနွယ်စုချင်း ရန်တိုက်ပေးတဲ့ပုံစံ ဖြစ်နေတယ်။”

ဒီလို လီဆူအမျိုးသားတွေကို စစ်မှုမထမ်းမနေရ အမိန့်ပုံစံမျိုး ထုတ်ပြန်တာဟာ လီဆူအမျိုးသားတွေအတွက် အကျပ်အတည်း ဖြစ်စေတယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“သူက သူ့ရဲ့အာဏာတည်မြဲရေးအတွက် စစ်တပ်ခိုင်းသမျှလုပ်တာက သူ့ကိစ္စ။ ယောကျ်ားတယောက်ပဲရှိတဲ့အိမ်ဆို ဘယ်လိုလုပ်မလဲ၊ မိဘကို ရှာမကျွေးရတော့ဘူးလား။ အဲ့ကိစ္စနဲ့ပတ်သက်ပြီး KIA က လီဆူတွေကို ပြည်သူ့စစ်တွေလို့ မြင်သွားရင် ဒါမှမဟုတ် ထင်သွားရင် ဖြစ်လာမယ့်ပြဿနာကို သူတာဝန်ယူမလား။”

မဖြစ်မနေ စစ်မှုမထမ်းမနေရ စီမံချက်ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းက ဝိုင်းမော်မြို့နယ်အတွင်းရှိ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ ဦးရွှေမင်းက လီဆူအမျိုးသားရေးအဖွဲ့ ခေါင်းဆောင်တွေနဲ့အတူ လိုက်လံစည်းရုံးနေတာလို့ ဝိုင်းမော်အခြေစိုက် ခလရ ၅၈ တပ်မှ အမည်မဖော်လိုသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“သူ့မှာလည်း ပြည်သူ့စစ်အဖွဲ့တွေရှိတယ်။ ဒါနဲ့အားမရဘူး၊ အင်အားထပ်တိုးချင်တာ။ ပြီးခဲ့တဲ့နှစ်ကလည်း တနိုင်းမှာ လီဆူပြည်သူ့စစ်တွေက ဂိတ်တွေဖွင့်ပြီး ပိုက်ဆံတောင်းလို့ ​မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ခေါ်ပြီး သတိပေးရတယ်။ ဝိုင်းမော်ကို သူက စစ်ဖြစ်အောင် ဖန်တီးနေတာ။”

လတ်တလောမှာ လီဆူအမျိုးသားတွေကို စစ်မှုမထမ်းမနေရ စီမံချက်အနေနဲ့ စည်းရုံးတာကို ဝိုင်းမော်မြို့နယ်မှာ ပြုလုပ်နေပြီး တခြားမြို့နယ်တွေက လီဆူလူမျိုးတွေကိုလည်း ထပ်မံစည်းရုံးသွားမယ်ဆိုပြီး ဦးရွှေမင်းက ပြောဆိုခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဝိုင်းမော်ဒေသမှာ ဦးရွှေမင်း ပြည်သူ့စစ်အဖွဲ့ဟာ ရွှေညောင်ပင်၊ အောင်မြေသစ်၊ ဝူယန် စတဲ့နေရာတွေမှာ စစ်တပ်ဂိတ်နေရာချထားပြီးတော့ စစ်ရေးလှုပ်ရှားမှုတွေ ပုံမှန်လုပ်ဆောင်နေတာလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013