DVB Logo
Home
မြန်မာသတင်း
မုံရွာနှင့် မင်းတပ်တွင် မီးလောင်မှုကြောင့် အနည်းဆုံး နေအိမ် ၁၁ လုံး ဆုံးရှုံး
DVB
·
November 7, 2023
မုံရွာနှင့် မင်းတပ်တွင် မီးလောင်မှုကြောင့် အနည်းဆုံး နေအိမ် ၁၁ လုံး ဆုံးရှုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ထန်းတောရပ်ကွက်မှာ နိုဝင်ဘာ ၇ ရက် မနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် နေအိမ် ၁၀ လုံးကျော် ဆုံးရှုံးသွားတယ်လို့ မုံရွာမြို့နယ် မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

မီးလောင်မှုကို မနက်အစောပိုင်း ၁၂ နာရီ ၁၅ မိနစ်ခန့်မှာ ရပ်ကွက်နေသူတွေက ဖုန်းဆက် အကြောင်းကြားခဲ့တာဖြစ်ပြီး မြို့နယ်အတွင်းရှိ သန္ဓေအရန်မီးသတ်တပ်ဖွဲ့နဲ့ အရပ်ဘက် ကယ်ဆယ်ရေးအသင်းတွေက ထွက်ခွာငြှိမ်းသတ်ခဲ့ကြပါတယ်။

မီးလောင်မှုကြောင့် သွပ်မိုးပျဉ်ခင်းအိမ် ၈ လုံး‌ကျော်နဲ့ ၂ ထပ် အုတ်အဆောက်အဦ ၂ လုံး ပျက်စီးဆုံးရှုံးသွားပြီး အရပ်သား ၂ ဦးလည်း အပူလောင် ပြတ်ရှဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

မုံရွာမြို့နယ် လူမှုကယ်ဆယ်ရေးအသင်းဝင်တဦးက “အိမ်က ၁၀ လုံးကျော်လောက် ပါသွားတယ်။ လောင်သွားတာက တထပ်အိမ်တွေများတယ်။ အရပ်သားထိခိုက်တာတော့ အပူလောင်တာနဲ့ ပြတ်ရှတာ ၂ ယောက်ရှိပါတယ်။ ကြီးကြီးမားမားတော့ ထိခိုက်မိတာ မရှိပါဘူး။ မီးသင့်သူတွေက ထန်းတောကျောင်းထဲက ရွှေကြာရုံကျောင်းမှာ ယာယီခိုလှုံနေပါတယ်” လို့ ပြောပါတယ်။

မီးလောင်မှုကို စစ်ကိုင်းတိုင်းမီးသတ်၊ မုံရွာခရိုင်မီးသတ်၊ မြို့နယ်မီးသတ်နဲ့ ဒေါနခြံ၊ ထန်းတောအရန်မီးသတ်တို့က မီးငြှိမ်းသတ်ယာဉ် ၈ စီး၊ မီးသတ်ရေသယ်ယာဉ် ၈ စီးတို့နဲ့ ငြှိမ်းသတ်ခဲ့ကြတာကြောင့် မနက် ၁၂ နာရီ မိနစ် ၅၀ မှာ မီးထိန်းနိုင်ကာ မနက် ၁ နာရီ မိနစ် ၄၀ မှာ မီးငြိမ်းသွားပါတယ်။

ရပ်ကွက်နေသူတွေရဲ့ ပြောပြချက်အရ အဲ့ဒီည ၁၂ နာရီ‌ကျော်လောက်မှာ စိတ်မနှံ့သူတဦးက မီးရှို့ခဲ့ရာကနေ အိမ်တွေကို ကူးစက်သွားခဲ့တာလို့ သိရပေမဲ့ မီးသတ်တပ်ဖွဲ့က အကြောင်းအရင်းအမှန်ကို စစ်ဆေးနေဆဲ ဖြစ်ပါတယ်။

မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မုံရွာမြို့နယ်မီးသတ်တပ်ဖွဲ့က တွက်ချက်နေဆဲဖြစ်ပြီး မီးဘေးသင့် အိမ်ထောင်စုတွေကို ထန်းတောရပ်ကွက်ရှိ ရွှေကြာရုံ ဘုန်းကြီးကျောင်းမှာ ယာယီနေရာ စီစဉ်ပေးထားတယ်လို့ သိရပါတယ်။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ အနောက်ရပ်ကွက်က နှစ်ထပ်အိမ် ၁ လုံး နိုဝင်ဘာ ၅ ရက် ၈ နာရီခွဲလောက်မှာ မီးရှို့ခံခဲ့ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မီးရှို့ခံရတဲ့အိမ်ဟာ အိမ်ပိုင်ရှင်တွေ စစ်ဘေးရှောင်နေကြရတဲ့အတွက် လူမနေတာ ၅ လခန့်ရှိပြီ ဖြစ်ပါတယ်။

မင်းတပ်မြို့ခံတဦးက “အချင်းချင်း မနာလိုလို့ရှို့တာ၊ အိမ်တံခါးဝမှာ အဝတ်ကို ဒီဇယ်လောင်းပြီး မီးလာရှို့သွားတယ်လို့ သိရပါတယ်။ တရားခံကို ရှာဖွေစုံစမ်းနေတုန်းပဲ” လို့ ပြောပါတယ်။

မီးရှို့ခံရတဲ့အိမ်ဟာ အရင်က စက်သုံးဆီရောင်းတဲ့ဆိုင်ဖြစ်ပြီး အိမ်ထဲမှာ ဆီပုံးအခွံတွေ ကျန်ရှိခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013