ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့နယ်၊ မိုင်းမော်ကျေးရွာရှိ စစ်ကောင်စီ ထောက်ပံ့ပို့ဆောင်ရေး နမ့်ဟိုင်းစခန်းမှ ဖမ်းဆီးရရှိထားတဲ့ စစ်သားနဲ့ ရဲ ၁၇ ယောက်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က လူမှုကူညီရေးအသင်းထံ လွှဲပြောင်းပေးခဲ့တယ်လို့ ပရဟိတအဖွဲ့ဝင်တွေထံက သိရပါတယ်။
နိုဝင်ဘာ ၅ ရက်မှာ ဖမ်းဆီးရရှိထားသူတွေကို စစ်သုံ့ပန်းဥပဒေနဲ့အညီ နမ္မတူ မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းထံ လွှဲပြောင်းပေးခဲ့တာလို့ ဆိုပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက “KIA တပ် အရာရှိတယောက်က ဖုန်းနဲ့ဆက်သွယ်ပြီး လွှဲပြောင်းပေးခဲ့တာ။ မိခင်တပ်ဖြစ်ဖြစ် မိသားစုကိုပဲဖြစ်ဖြစ် ဆက်သွယ်ပြီး ပို့ခိုင်းတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။
လွှဲပြောင်းပေးခဲ့တဲ့နေရာကို ဖြေဆိုပေးခြင်းမရှိဘဲ အဆင်ပြေတဲ့နေရာမှာ နမ္မတူ မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းတာဝန်ခံ ဦးအောင်ဆန်းမြင့်နဲ့ ရပ်ဖိရပ်ဖတွေက ကား ၂ စီးနဲ့ အသိသက်သေတွေရှေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင် ၁၇ ဦးကို လွှဲပြောင်းလက်ခံခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၃၀ ရက်က မန်တုံမြို့နယ်၊ မိုင်းမော်ကျေးရွာရှိ စစ်ကောင်စီ နမ့်ဟိုင်းစခန်းကို KIA က တိုက်ခိုက်သိမ်းပိုက်ချိန်မှာ ဖမ်းဆီးရမိသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
အခုလို စစ်သုံ့ပန်းတွေကို နိုင်ငံတကာ စစ်သုံ့ပန်း စစ်ဥပဒေနဲ့အညီ လူမှုကူညီရေးအသင်းထံ လွှဲပြောင်းပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။