DVB Logo
Home
မြန်မာသတင်း
ကုလလက်ထောက်မဟာမင်းကြီး ဘူးသီးတောင် စစ်ဘေးရှောင်များနှင့် တွေ့ဆုံ
DVB
·
November 6, 2023
ကုလလက်ထောက်မဟာမင်းကြီး ဘူးသီးတောင် စစ်ဘေးရှောင်များနှင့် တွေ့ဆုံ
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ရှိ ၅ နှစ်ကျော်ကြာ အိမ်မပြန်နိုင်ကြသေးတဲ့ စစ်ဘေးရှောင်တွေကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) စီမံအုပ်ချုပ်ရေးဆိုင်ရာ လက်ထောက်မဟာမင်းကြီး ရာ့ဖ်မာဇူး ဦးဆောင်တဲ့အဖွဲ့ဟာ နိုဝင်ဘာ ၅ ရက် မွန်းတည့် ၁၂ နာရီကျော်မှာ လာရောက်တွေ့ဆုံခဲ့ပါတယ်။

အဲဒီလိုတွေ့ဆုံရာမှာ ဒုက္ခသည်တွေရဲ့ လိုအပ်ချက်၊ အခက်အခဲတွေနဲ့ နေရပ်ပြန်နိုင်ရေး အတွက် ဆွေးနွေးညှိနှိုင်းမှု မှတ်တမ်းတွေ ရယူသွားခဲ့တယ်လို့ ဘူးသီးတောင်မြို့ရှိ ရန်အောင်မြေ စစ်ဘေးရှောင်စခန်း တာဝန်ရှိတွေဆီက သိရပါတယ်။

ဘူသီးတောင်စစ်ဘေးရှောင်စခန်းမှ အမျိုးသမီးတဦးက “သူတို့မေးတာကတော့ ဒီကမ့်ထဲမှာ နေရတာ အဆင်ပြေလား။ စားဝတ်နေရေးက အဆင်ပြေလားလို့ မေးတယ်။ နောက် ရွာကိုမပြန်ချင်ဘူးလားတဲ့။ ကျမတို့က ရွာကိုပြန်ချင်တယ်။ ပြန်လို့မရတဲ့အတွက် မပြန်တာပါလို့။ သူတို့က ဘာဖြစ်လို့လဲလို့မေးတယ်။ ရွာတွေမှာ တပ်တွေစွဲထားတယ်။ AA နဲ့ စစ်တပ် နှစ်ဖက်ကြားမှာ မနေရဲဘူးလို့ ပြောလိုက်တယ်။ သူတို့က အဲ့ဒီလိုလားတဲ့။ ဘာမှတော့ ပြန်မပြောဘူး။ နောက်ပြီး စားဝတ်နေရေးတွေ အဆင်မပြေဘူး။ တနေ့လုပ်မှ တနေ့ မဝရေစာ စားနေကြရတာ။ ကလေးတွေကို ပညာသင်ရတာလည်း အဆင်မပြေဘူး။ သူတို့ကတော့ အဲဒီလိုလားလို့ ပြောတယ်။ ပထမပိုင်းမှာ အစိုးရနဲ့ UN က ထောက်ပံ့ခဲ့တာရှိတယ်။ အခုနောက်ပိုင်းမှာ ထောက်ပံ့တာ ဘာမှမရှိ‌တော့ဘူးလို့ ပြောလိုက်တယ်။ သူတို့အနေနဲ့ ထောက်ပံ့မှုတွေ ပြန်ပေးလာမယ်တော့ ထင်မိတယ်” လို့ ပြောပါတယ်။

ကုလလက်ထောက်မဟာမင်းကြီး ရာ့ဖ်မာဇူး ဦးဆောင်တဲ့ အဖွဲ့ဝင်တွေနဲ့ လူကယ်ပြန် ဘေးစီမံဌာန (နေပြည်တော်) မှ ညွှန်ကြားရေးမှူး ဒေါ်သီရိမောင် အပါအဝင် ၃ ဦးနဲ့ ရခိုင်ပြည်နယ် ဘေးစီမံဌာနမှ ညွှန်ကြားရေးမှူး ဦးသူရိန်ထွန်း တို့ဟာ နိုဝင်ဘာ ၅ ရက် မွန်းတည့် ၁၂ နာရီကျော်လောက်က စစ်တွေမြို့ကနေ ဘူးသီးတောင်မြို့ကို UNHCR ရုံးပိုင် Speed Boat ၃ စီးနဲ့ ရောက်ရှိလာခဲ့ကြပြီး စစ်ဘေးရှောင်တွေကိုယ်စား ပြောရေးဆိုခွင့်ရှိသူ စစ်ဘေးရှောင်အမျိုးသမီး ၁၀ ဦး၊ အမျိုးသား ၁၀ ဦးတို့နဲ့ ဘူးသီးတောင်မြို့ရှိ ရန်အောင်မြေ စစ်ဘေးရှောင်စခန်းမှာ တွေ့ဆုံမေးမြန်းပြီး မှတ်တမ်းတွေ ရယူသွားခဲ့ကြတာလည်း ဖြစ်ပါတယ်။

စစ်ဘေးရှောင်စခန်း တာဝန်ခံတဦးက “သူတို့က စစ်ဘေးရှောင်ကမ့်ကို ရောက်တာ ဘယ်လောက်ကြာပြီလဲ။ နေရပ်မပြန်နိုင်ကြသေးဘူးလား။ ဘာလို့မပြန်နိုင်ကြတာလဲလို့ မေးတယ်။ ကျနော်တို့က ပြန်ဖြေတယ်။ ကျနော်တို့ကပြောတယ်။ ရွာကို တကယ်ပြန်ချင်တယ်။ ပြန်လို့မရသေးဘူး။ ဘာဖြစ်လို့ ပြန်လို့မရတာလဲ မေးတယ်။ နှစ်ဖက် လက်နက်ကိုင်တွေ အပြိုင်အဆိုင် တပ်စွဲထားတာကြောင့် ပြန်မရဘူး။ နောက်ပြီး သဘာဝဘေးဒဏ်ကြောင့် အိမ်တွေပျက်သွားရတယ်။ လူမနေတာကြာပြီး ပြုပြင်တာ မရှိတဲ့အတွက် ပျက်စီးသွားတာတွေရှိတယ်။ နောက် မိုခါမုန်တိုင်းလည်း တိုက်သွားတာ ရှိတယ်။ စားဝတ်နေရေးနဲ့ ပတ်သက်ပြီးတော့ တလမှာ ၁၀ ရက်ပဲ ကျပန်းအလုပ်လုပ်ရတော့ စားဝတ်နေရေးအတွက် ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ ရခိုင်ပြည်နယ်အစိုးရက ကူညီထောက်ပံ့ခွင့်တွေ ပိတ်ထားတာ တနှစ်နဲ့ လေးလလောက်ရှိပြီး အခက်တွေ့နေကြရတယ် ပြောလိုက်တယ်” လို့ ဆိုပါတယ်။

ဘူးသီးတောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်ဒုက္ခသည်စခန်း ၄ ခုကို ၂၀၁၉ ခုနှစ်ကစပြီး လူကယ်ပြန်က လူတဦး တနေ့ ဆန်နို့ဆီဘူး ၂ ဘူးကျစီ ထောက်ပံ့မှုတွေနဲ့ INGO၊ NGO အဖွဲ့တွေရဲ့ ရိက္ခာထောက်ပံ့တာတွေ ပေးခဲ့ကြပေမဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလကစပြီး ရိက္ခာတွေထောက်ပံ့တာအားလုံး ရပ်တန့်လိုက်ပြီး အာဏာသိမ်း စစ်ကောင်စီက INGO၊ NGO အဖွဲ့တွေကို ဒီနေ့အထိ စားနပ်ရိက္ခာထောက်ပံ့တာတွေကို ခွင့်မပြုသေးတာလည်း ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်ကစပြီး ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေကြောင့် ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာပေါင်း ၃၀ ခန့် နေရပ်စွန့်ခွာနေကြရပြီး စစ်ဘေးရှောင်စုရပ် ၂၀ ကျော်ရှိကာ ဘူးသီးတောင်မြို့ပေါ်ရှိ လမ်းမကျောင်းဘုန်းတော်ကြီးကျောင်း၊ ရန်အောင်မြေ ဘုန်းတော်ကြီးကျောင်းနဲ့ မြတောင်ကျောင်း စတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၁၃,၀၀၀ ကျော် နေထိုင်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013