Home
မြန်မာသတင်း
မိုးရေးမြို့တွင် မြန်မာ ၁ ဦး အပါအဝင် ကူကီးလူမျိုး ၇ ဦးကို လက်နက်ခဲယမ်းများဖြင့် ဖမ်းမိ
DVB
·
November 6, 2023

အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ မိုးရေးမြို့မှာ မြန်မာနိုင်ငံသားတဦး အပါအဝင် ကူကီးလူမျိုး ၇ ဦးကို နိုဝင်ဘာ ၄ ရက်မှာ မဏိပူရပြည်နယ်ရဲတပ်ဖွဲ့က လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ မဏိပူရအခြေစိုက် မီဒီယာတခုဖြစ်တဲ့ The Sangai Express မှာ ဖော်ပြထားပါတယ်။

မိုးရေးမြို့မှာ အောက်တိုဘာ ၃၁ ရက်က မဏိပူရပြည်နယ်ရဲတပ်ဖွဲ့မှူး အနန်ကူးပါး လုပ်ကြံခဲ့ရပြီးနောက်ပိုင်း မ‌ဏိပူရပြည်နယ်ရဲတပ်ဖွဲ့၊ ဗဟိုအရန်တပ်ဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မိုးရေးမြို့ထဲမှာ ရှာဖွေရေးလုပ်ငန်းတွေ ဆက်တိုက်လုပ်နေပြီး နိုဝင်ဘာ ၄ ရက် မနက် ၈ နာရီလောက်က မြန်မာနိုင်ငံသားတဦးအပါအဝင် ကူကီးလွတ်မြောက်ရေးတပ်ဖွဲ့ (UKLF) မှ သံသယရှိသူ ၇ ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

မြန်မာနိုင်ငံသားတဦး အပါအဝင် ကူကီးလူမျိုး ၇ ဦးဆီက ကျည် ၁၀၂ တောင့်၊ တရုတ်ထုတ် လက်ပစ်ဗုံး ၁ လုံး၊ ကျည်ကာအင်္ကျီ ၁ ထည်၊ ကျည်ခါးပတ် ၁ ခု၊ သေနတ်ယမ်း ၁၀ ဂရမ်၊ အမိုနီယမ်နိုက်ထရိတ် ၂,၅၁၅ ဂရမ်၊ ဆာလဖာမုန့် ၆၀ ဂရမ်၊ လက်ကိုင်ဖုန်း ၄ လုံးနဲ့ သက်သေခံကတ်ပြား ၄ ခုတို့ သိမ်းဆည်းရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

တဖက်မှာလည်း ကူကီးလွတ်မြောက်ရေးတပ်ဖွဲ့ (UKLF) အဖွဲ့က သံသယရှိသူတွေက နိုဝင်ဘာ ၄ ရက်နေ့မှာပဲ မိုးရေးမြို့ကို တာဝန်ထမ်းဆောင်ဖို့ လာရောက်တဲ့ အစိုးရအရာရှိတွေနဲ့ ဝန်ထမ်းတချို့ကို လမ်းမှာကြားဖြတ်တားစီးပြီး မိုးရေးမြို့ကို နောက်တခါ မလာရောက်ဖို့ ခြိမ်းခြောက် ပြန်လွှတ်ခဲ့ပါတယ်။

အောက်တိုဘာ ၃၁ ရက်က မိုးရေးမြို့ စာသင်ကျောင်းမှာ ရဟတ်ယာဉ်ကွင်း တည်ဆောက်ဖို့ မဏိပူရပြည်နယ် ရဲတပ်ဖွဲ့မှူး အနန်ကူးပါး နေရာလာကြည့်စဉ် စနိုက်ပါနဲ့ ပစ်ခတ်လုပ်ကြံခံရပြီး သေဆုံးခဲ့ပါတယ်။

ရဲအရာရှိ သေဆုံးမှုနဲ့ ပတ်သက်ပြီး နိုဝင်ဘာ ၁ ရက်က မြန်မာနိုင်ငံသား ၃၂ ဦး အပါအဝင် ၄၄ ဦး ဖမ်းဆီးခံခဲ့ရပြီး နိုဝင်ဘာ ၂ ရက်နေ့မှာ မြန်မာနိုင်ငံသား ၁၀ ဦးကို ဆာဂျီဝါမြို့ရှိ နိုင်ငံခြားအကျဉ်းထောင်ကို ရဟတ်ယာဉ်နဲ့ ပို့ဆောင်ခဲ့ပါတယ်။

Source-The Sangai Express

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024