
ရန်ကုန်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ၃၈ ရပ်ကွက်က ဆီဆိုင်တဆိုင် မတ် ၂၁ ရက် ညမှာ မီးလောင်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မင်းရဲကျော်စွာလမ်းနဲ့ ရာဇဓိရာဇ်လမ်းထောင့်မှာရှိတဲ့ Terminal ဆီဆိုင်မှာ ည ၉ နာရီ ၃၉ မိနစ်က မီးလောင်တဲ့သတင်းရလို့ Level 1 ယာဉ်အုပ်စုနဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး နောက် ၁၀ မိနစ်အကြာ ၉ နာရီ ၄၉ မိနစ်မှာ မီးထိန်းနိုင်ခဲ့ကာ ၉ နာရီ ၅၈ မိနစ်မှာ ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဆီလာဖြည့်ဖို့တန်းစီတဲ့ တက္ကစီကားကနေ စတင်လောင်ကျွမ်းတာလို့ သိရပြီး ဆီဖြည့်နေတာ ဟုတ်၊ မဟုတ်ကိုတော့ မသိရသေးပါဘူး။
မီးလောင်တာကြောင့် အဲဒီကားနဲ့ ဆီဆိုင်အဆောက်အအုံ၊ ဆီဖြည့်စက်တွေလောင်ကျွမ်းခဲ့ပြီး ဆီသိုလှောင်ကန်တွေကိုတော့ ကူးစက်တာမရှိပါဘူး။
၉ နာရီခွဲလောက်မှာ မီးစလောင်ပြီး ပေါက်ကွဲသံတချို့လည်းကြားခဲ့ရတယ်လို့ အနီးအနားရှိသူတွေက ပြောပါတယ်။
မီးစတင်လောင်ကျွမ်းနဲ့အကြောင်းနဲ့ ပျက်စီးဆုံးရှုံးတာတွေကိုတော့ မီးသတ်တပ်ဖွဲ့က စစ်ဆေးနေပါတယ်။
ဆီဆိုင်မှာ ဆီလာတန်းစီတဲ့ တခြားကားတွေလည်းရှိနေတယ်လို့ သိရပြီး စက်သုံးဆီကို အကန့်အသတ်နဲ့ပဲရောင်းချပေးနေတာကြောင့် ကားတွေဟာ ဆီဆိုင်တွေမှာ နာရီနဲ့ချီပြီး တန်းစီစောင့်ဆိုင်းနေကြရပါတယ်။










