Home
မြန်မာသတင်း
ချောင်းဦး၊ ကလေး၊ ပုလဲနှင့် မြင်းမူမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပြီး နှစ်ဖက်အကျအဆုံးများပြား၊ ခင်ဦး စစ်တပ်စခန်းတခု စွန့်ခွာ
DVB
·
November 6, 2023

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မြောက်ဘက် (မုံရွာ-မန္တလေးလမ်းပိုင်း‌ပေါ်) မြပုလဲစစ်ကောင်စီ ဂိတ်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၄ ဦး သေဆုံးပြီး ကာကွယ်ရေးရဲဘော် ၆ ဦး ကျဆုံးခဲ့တယ်လို့ ချောင်းဦးမြို့နယ်ပကဖအဖွဲ့ဆီက သိရပါတယ်။

အင်အား ၃၅ ဝန်းကျင်နဲ့ တပ်စွဲထားတဲ့ မြပုလဲဆီဆိုင်အနီးရှိ စစ်ကောင်စီဂိတ် (မြပုလဲဂိတ်)စခန်းကို နိုဝင်ဘာ ၄ ရက် မနက် ၅ နာရီ ၁၅ မိနစ်လောက်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ပျူစောထီး စုစုပေါင်း ၁၄ ဦး ကျဆုံးခဲ့ပြီး ၆၀ (မမ) ၁ လက်၊ ဗုံးသီး ၅ လုံးနဲ့ ကာဘိုင်သေနတ် ၄ လက်တို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

မြပုလဲဂိတ်လို့ခေါ်ကြတဲ့ စစ်ကောင်စီဂိတ်မှာ အမှတ် (၉၀၉) စစ်မြေပြင်အင်ဂျင်နီယာတပ်မှ ဗိုလ်ကြီးအောင်သူရ ဦးစီးတဲ့ စစ်သား ၃ ဦး၊ အမှတ် (၂၆) လုံခြုံရေးတပ်ဖွဲ့ခွဲမှ စစ်သား ၅ ဦး၊ ကန့်ဘလူလိမ္မော်သီး ဝါသဝရဲ့ လက်ကိုင်တုတ်ပျူစောထီး ၂၇ ဦး၊ စုစုပေါင်းအင်အား ၃၅ ဦးလောက် အ‌ခြေပြုတပ်စွဲထားတာဖြစ်ပါတယ်။

တိုက်ခိုက်ချိန်မှာ စစ်သား ၁၅ ဦးဟာ ခုခံတိုက်ခိုက်မှုမရှိဘဲ ထွက်ပြေးသွားကာ ကျန်အယောက် ၂၀ ကသာ ခုခံတိုက်ခိုက်တာဖြစ်ပြီး ထွက်ပြေးသွားတဲ့ စစ်သား ၁၅ ယောက်ကို လိုက်လံပစ်ခတ်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး လက်နက်တွေလည်း ရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဂိတ်စခန်းဟာ ကတုတ်ကျင်း၊ ဘန်ကာ၊ ဆက်သွယ်ရေးတူးမြောင်းတို့နဲ့ အခိုင်အမာ တည်ဆောက်ထားတာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း မုံရွာခရိုင်တပ်ရင်း (၆) မှ ရဲဘော် ၂ ဦး၊ ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် (CHUPDF) မှ ရဲဘော် ၃ ဦး၊ ဆေးတပ်ဖွဲ့မှ ရဲဘော် ၁ ဦး စုစုပေါင်း ရဲ‌ဘော် ၆ ဦး ကျဆုံးခဲ့ရတယ်လို့ ချောင်းဦးမြို့နယ်ပကဖအဖွဲ့ဝင် ရဲဘော်တဦးက ပြောပါတယ်။

"ကျနော်တို့ စခန်းကို ဝိုင်းထားပြီး အနီးကပ်ရောက်မှ စပစ်တာ၊ ဝိုင်းပြီး စပစ်ပြီဆိုကတည်းက စစ်သား ၁၅ ယောက်လောက်က ထွက်ပြေးတာ မြင်လိုက်ရတယ်။ ကျနော်တို့ဘက်က ကွင်းပြင်ကြီး ဘာအကာကွယ်မှမရှိဘူး။ စစ်သားတွေဘက်က ကတုတ်ကျင်းတွေ ဘန်ကာတွေထဲမှာ နေရာယူပြီး ပြန်ပစ်ကြတာ၊ ကျနော်တို့ ဝင်ဖြိုတဲ့အခါမှာ ကျနော်တို့ဘက်က ထိခိုက်ဒဏ်ရာရတယ်။ ဒါပေမဲ့ ဖြိုနိုင်ခဲ့ပြီး မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်။ ဆေးတပ်သားကတော့ ကျည်မှန်တဲ့ ရဲဘော်ကို သွားကယ်ရင်း လက်နက်မှန်သွားတာ။" 

တိုက်ခိုက်မှုအပြီးမှာ ဘက်စုံမွေးမြူရေးခြံစစ်တပ်က စစ်သားတွေ စစ်ကူလာတာကြောင့် အသက်ဘေးကနေ လွတ်အောင်ပြေးဖို့အတွက် စစ်သားတွေရဲ့ တချို့လက်နက်ကြီးတွေကို မသယ်နိုင်တော့တဲ့အတွက် မသိမ်းဆည်းနိုင်ခဲ့ဘူးလို့ ပြောပါတယ်။

တိုက်ခိုက်မှုအပြီးမှာ မုံရွာမြို့ဘက်ကနေ စစ်ကား ၅ စီး ဆင်းလာခဲ့တဲ့အတွက် ကျဆုံးသွားတဲ့ ရဲဘော် ၆ ဦးထဲက ၂ ဦးရဲ့ ရုပ်အလောင်းကို ကောက်ချိန်မရဘဲ ထားခဲ့ရတယ်လို့ ဆိုပါတယ်။

မုံရွာမှ ဆင်းလာတဲ့ စစ်သားတွေက မုံရွာ-မန္တလေးလမ်းဘေးရှိ ရှစ်ဆယ်၊ နွားထိန်းနဲ့ မုံရွေးကျေးရွာထဲတွေကို  ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ မုံရွေးရွာခံတွေဆီကနေ သိရပါတယ်။

တိုက်ခိုက်မှုကို မုံရွာခရိုင်ကွပ်ကဲရေးမှူးရဲ့ ညွှန်ကြားမှုနဲ့ မုံရွာခရိုင်အမှတ် (၆) တပ်ရင်း၊ ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ (CHUPDF)၊ KG(II)၊ Immortal Guerilla Force (IGF-Monywa)၊ မုံရွာခရိုင် ဒရုန်းအဖွဲ့၊ မြင်းခြံခရိုင် ဒရုန်းအဖွဲ့၊ BGF ပူးပေါင်းအင်အား ၈၀ နဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကြောင်သန်းရွာအနီးမှာလည်း နိုဝင်ဘာ ၄ ရက် ညနေ ၅ နာရီလောက်မှာ စစ်ကောင်စီတပ်နဲ့ ပုလဲမြို့နယ်ဒေသခံ သခင်ဒေါင်းညိုအဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်အကျအဆုံး များတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“တိုက်ပွဲက ကြောင်သန်းရွာအရှေ့ဘက်ထိပ်က တံတားအနီးမှာဖြစ်ကြတာဗျ။ အထိခိုက်ကတော့များမယ်ထင်တယ်။ သူတို့တိုက်ပွဲဖြစ်ကြလို့ ကျနော်တို့ဒေသခံတွေကတော့ အကုန်ထွက်ပြေးနေရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီက ပုလဲမြို့နယ်မှာ စစ်ကြောင်း ၂ ကြောင်းခွဲ စစ်ကြောင်းထိုးနေပြီး ဖမ်းဆီးမိတဲ့ ပြည်သူတချို့ကို သခင်ဒေါင်းညိုအဖွဲ့ခေါင်းဆောင်ကို မေးမြန်းလေ့ရှိပြီး စစ်ကြောင်းဖြတ်သန်းသွာရာ ကျေးရွာတိုင်လိုလိုမှာ‌ အကြမ်းဖက်လူသတ်ခေါင်းဆောင် ဒေါင်ညို အလိုရှိသည်ဆိုတဲ့ စာရွက်တွေ ကပ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကျနော်တို့က ချောင်းနားရွာဘက်က ထိုးလာတဲ့ စစ်ကြောင်းကို တိုက်ဖို့ရာ အစီစဉ်ဆွဲနေတဲ့အချိန် ကန့်ဒေါင့်ရဲစခန်းက ကား ၃ စီးနဲ့ ထပ်ထွက်လာတဲ့ စစ်ကြောင်းနဲ့ တည့်တည့်သွားတိုးတာဗျာ။ တိုက်ပွဲက မီတာ ၂၀၀ လောက်ပဲ ဝေးတယ်၊ သူပစ်ကိုယ်ပစ်ပဲ။ သူတို့ဘက်က ကျည်အင်အားရော၊ လူအင်အားရောက ကိုယ်ထက်သာနေတော့ ကျနော်တို့ကား ၂ စီးရော၊ လက်နက်ကြီးရော အကုန်ပစ်ထားပြီး နောက်ဆုတ်ခဲ့ရတယ်။ သူတို့ဘက်ကလည်း အသေရှိနိုင်တယ်။ ကျနော်တို့ဘက်ကလည်း ကျနော်အပါဝင် ဒဏ်ရာရထားတယ်။ ပျောက်ဆုံးနေတဲ့ ရဲဘော်တွေလည်း ရှိနေတယ်” လို့ သခင်းဒေါင်းညိုအဖွဲ့ခေါင်းဆောင် ဒေါင်းညိုက ပြောပါတယ်။

အခုတိုက်ပွဲမှာ သခင်ဒေါင်းညို့အဖွဲ့ရဲ့ လက်နက်ခဲယမ်း ဆုံးရှုံးမှုများတာကြောင့် ပြည်သူများအနေနဲ့ ကူညီပေးကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

ပုလဲမြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေကြရဆဲဖြစ်တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ် အထကကျောင်းမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို နိုဝင်ဘာ ၅ ရက် ညနေ ၄ နာရီကျော်လောက်မှာ ပြည်သူကာကွယ်ရေးအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံပြည်သူကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။

မြင်းခြံခရိုင်တပ်ရင်း ၇ Zero ပြောက်ကျားတပ်ဖွဲ့ရဲ့ တပ်ခွဲ၃ True Fighter အဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ 

မြင်းခြံခရိုင်တပ်ရင်း၇ Zero ပြောက်ကြားတပ်ဖွဲ့ တာဝန်ရှိသူ ကိုသက်ကြီးက "ကျနော်တို့ အထကထဲ အရပ်ဝတ်တွေနဲ့ ညနေပိုင်း တန်းစီနေတဲ့ စစ်ကောင်စီတပ်တွေကို ရက်ဆားပုလင်းပုံစံ လက်ပစ်ဗုံး ၂ လုံးနဲ့ ပစ်ခတ်ခဲ့တာ ဟုတ်ပါတယ်ဗျ။ ကျနော်တို့ ပစ်ခတ်လို့ စစ်ကောင်စီဘက်က စစ်သား ၂ ဦး မြေပြင်မှာ လဲကျသေဆုံးတာ မျက်မြင်တွေ့ခဲ့ရပြီး အများအပြားဒဏ်ရာရရှိတာတွေရှိခဲ့တယ်။” 

စစ်ကောင်စီတပ်ကတော့ ပစ်ခတ်မှုအပြီးမှာ ဒဏ်ရာရရှိသူတွေနဲ့ သေဆုံးသူ ၂ ဦး အား မြင်းမူဆေးရုံကို ပို့ဆောင်ခဲ့ပြီး ပစ်ခတ်သူတွေကို ရပ်ကွက်တွေအတွင်း ရှာဖွေတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ပစ်ခတ်ခဲ့တဲ့ Zero ပြောက်ကျားတပ်ဖွဲ့ရဲ့ ရဲဘော်တွေ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်း မြောက်စည်းရွာရဲစခန်း စခန်းသိမ်းတိုက်ပွဲမှာ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဘက်က ၃ ဦး ကျဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ CDF-KKG ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

နိုဝင်ဘာ ၃ ရက်မနက်မှာ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဘက်က မြောက်စည်းရွာရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီက‌ လေကြောင်း ပစ်ကူ ၂ ကြိမ်အသုံးပြုခဲ့ပြီး နိုဝင်ဘာ ၄ ရက်မှာတော့ စခန်းကို သိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

CDF-KKG ပြန်ကြားရေးတာဝန်ခံက "ကျနော်တို့ ပူးပေါင်းတပ်ဘက်က စခန်းကိုသိမ်းနိုင်ခဲ့တယ်။ ကျနော့်တို့ဘက်က RKDF တပ်ဖွဲ့ဝင် ၂ ဦး၊ CNDF  တပ်ဖွဲ့ဝင် ၁ ဦး ကျထားတယ်။ သူတို့ဘက်ကထိ ခိုက်မှုတော့များထားတယ်။ လေကြောင်းက နေ့ခင်းမှာတကြိမ်၊ ညမှာတကြိမ်၊ ၂ ကြိမ် လာပစ်တာ" လို့ ပြောပါတယ်။

အဆိုပါတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေ ထိခိုက်ကျဆုံးမှုရှိထားပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိထားတယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲ‌ကြောင့် ကျော်ရွာအုပ်စုက မြောက်စည်းရွာ၊ ခုံတိုးမြို့သာရွာနဲ့ တောင်စည်းရွာက ဒေသခံ ၅၀၀၀ ဝန်းကျင်လောက် တောတောင်တွေထဲ တိမ်းရှောင်နေကြရပါတယ်။

စစ်ကိုင်းတိုင်း၊ ခင်ဦး-ရေဦး ကားလမ်းဘေး သာဂရရွာနဲ့ မြင်းဒေါင်းရွာကြား မူးတိမ်ချောင်း ဝန်းကျင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် အင်အား ၄၀ ခန့်ဟာ နိုဝင်ဘာ ၄ ရက်ညက စခန်းကို စွန့်ခွာသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၄ ရက် ည ၇ နာရီလောက်မှာ ရေဦးကနေ ကားအကြီး ၂ စီးနဲ့ ရေဦးခရိုင်ရုံးကို သွားရောက်ပူးပေါင်းခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ အထိုင်တပ်စခန်းအား နယ်မြေရှင်းလင်းရာ ၆၀ မမ ၁ လုံး၊ စစ်ယူနီဖောင်းတစုံ၊ ဖိနပ်တရံ မိုးကာအင်္ကျီတထည်၊ ဘန်ကာ ၁၅ လုံး လူနေအဆောင် ၈လုံး အား ဒေသကာကွယ်ရေးအဖွဲ့တွေက သိမ်းဆည်းရရှိခဲ့ပါတယ်။

ခင်ဦးမြို့နယ်အတွင်းမှာ ခင်ဦးမြို့ပေါ် ရဲစခန်း၊ ဆေးရုံနဲ့ မင်းသိုက်တိုက် သုံးနေရာကို တပ်စွဲထားသလို ခင်ဦးမြို့နယ်အတွင်းမှာလည်း မကျီးတုံ၊ မဒေါင်းလှ၊ ပျဥ်ထောင်၊ ရွာသစ်ကုန်း၊ မူးတိမ်ချောင်း စတဲ့ ၅ နေရာအား ပျူစောထီးတွေနဲ့ အထိုင်ချ တပ်စွဲထားတယ်လို့ ခင်ဦးမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

အောက်တိုဘာ ၃၀ ရက်ကလည်း ခင်ဦးမြို့နယ် မကျီးတုံ ပျူတပ်စွဲရွာကို ရွှေဘိုခရိုင်တပ်ရင်း ၃၊ မြို့နယ်ပကဖ၊ ပလဖတို့ ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး BA 64 ၁ လက်၊ ကာဘိုင် ၄ လက်၊ ဂျောက်ဂျက်တွဲဘော ၂ လက်အပြင် အခြားပစ္စည်းတွေ၊ ဘန်ကာတွေနဲ့ ကင်းတဲတွေကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကာကွယ်ရေးရဲဘော်တဦးဆီက သိရပါတယ်။

တိုက်ပွဲဖြစ်စဉ်တွေမှာ ထိခိုက်ကျဆုံးမှုအခြေအနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024