DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်မြောက်ပိုင်းက တပ်သားများအတွက် စစ်ကောင်စီ အလှူငွေကောက် 
DVB
·
November 6, 2023
ရှမ်းပြည်မြောက်ပိုင်းက တပ်သားများအတွက် စစ်ကောင်စီ အလှူငွေကောက် 
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ တိုက်ခိုက်တာကို ခံနေရတဲ့ စစ်ကောင်စီတပ်သားတွေအတွက်ဆိုပြီး စစ်ကောင်စီက အလှူငွေ ကောက်ခံနေတာမှာ ကျပ်သိန်း ၆၇,၀၀၀ ကျော် ရရှိထားပြီလို့ စစ်ကောင်စီထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီရဲ့ သတင်းမှန် ပြန်ကြားရေးဝက်ဘ်ဆိုက်နဲ့ စစ်တပ်အာဘော် မြဝတီဝက်ဘ်ဆိုက်တို့က ဖော်ပြလာတာဖြစ်ပြီး စေတနာရှင်အလှူရှင်တွေက ဂုဏ်ပြုချီးမြှင့်တာလို့ ဆိုပေမဲ့ အစဉ်အဆက် လုပ်ခဲ့ကြတာကတော့ လုပ်ငန်းရှင်တွေဆီက အတင်းအဓမ္မကောက်ခံတာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၁ ရက်က ရန်ကုန်တိုင်းမှာ အလှူရှင် ၁၈ ယောက်က ငွေကျပ်သိန်း ၄,၃၇၅ ကိုပေးခဲ့ပြီး တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းက လက်ခံပါတယ်။

မန္တလေးမှာလည်း နိုဝင်ဘာ ၁ ရက်နေ့မှာ အလှူရှင် ၄၂ ယောက်က ငွေကျပ် ၃,၇၅၅ သိန်းကို ပေးခဲ့ပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင်က လက်ခံပါတယ်။

နိုဝင်ဘာ ၂ ရက်နေ့မှာ‌တော့ နေပြည်တော်မှာ အလှူရှင် ၃၅ ယောက်က ကျပ်သိန်း ၂၁,၉၈၄၊ ရန်ကုန်မှာ ၉၉ ယောက်က ငွေကျပ် ၁၁,၂၇၃ သိန်း ၂၅၆၀၀ ရာ၊ ဧရာဝတီတိုင်းမှာ ၂၇ ယောက် ကျပ် ၇၈၁ သိန်း၊ မန္တလေးတိုင်းမှာ ၁၃၆ ယောက်က သိန်း ၆,၁၀၀၊ မကွေးတိုင်းမှာ ၁၃ ယောက်က သိန်း ၂,၀၀၀ ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၄ ရက်မှာလည်း နေပြည်တော်က လူ ၄၉ ယောက်က ကျပ်သိန်း ၁၁,၀၂၇၊ ရှမ်းပြည်နယ်မှာ လူ ၂၂၈ ယောက်က ၆,၅၆၁ သိန်းပေးခဲ့တယ်လို့ ဆိုပါတယ်။

ရန်ကုန်က ၂ ကြိမ်ပေးတာမှာ စုစုပေါင်း ကျပ်သိန်း ၁၅,၆၄၈၊ နေပြည်တော်ကလည်း ၂ ကြိမ်ပေးတာမှာ ကျပ်သိန်း ၃၃,၀၁၁၊ မန္တလေးက ၂ ကြိမ်ပေးတာမှာ ကျပ်သိန်း ၉,၈၅၅ ဖြစ်တာကို တွေ့ရပါတယ်။

ဒါကြောင့် နေပြည်တော်ကနေ အလှူငွေ အများဆုံးရထားပြီး ဧရာဝတီတိုင်းကတော့ အနည်းဆုံး ဖြစ်ပါတယ်။

ငွေပေးတဲ့ပုံတွေမှာတော့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်းရဲ့ မြေးဖြစ်သူ ကျော်နေဝင်းလိုမျိုး လုပ်ငန်းရှင်ခရိုနီတွေကို တွေ့ရပါတယ်။

မြဝတီသတင်းမှာတော့ ရှမ်းမြောက်ရှေ့တန်းရောက် စစ်သားတွေအတွက် ဒံပေါက်ဘူးတွေကိုလည်း စေတနာရှင်တွေက ပေးခဲ့ကြတယ်လို့ဆိုပြီး ရန်ကုန်ကတဆင့် မြစ်ကြီးနားနဲ့ လားရှိုးမြို့တို့ဆီ ပို့ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Photo - dsinfo

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013