DVB Logo
Home
မြန်မာသတင်း
ဒီပဲယင်းတွင်လေယာဉ်ဖြင့်ဗုံးကြဲ၊ ချင်းတွင်းမြစ်တွင်းတိုက်ပွဲဖြစ်ပြီး ကနီဒေသခံများ ထွက်ပြေးနေ
DVB
·
November 5, 2023
ဒီပဲယင်းတွင်လေယာဉ်ဖြင့်ဗုံးကြဲ၊ ချင်းတွင်းမြစ်တွင်းတိုက်ပွဲဖြစ်ပြီး ကနီဒေသခံများ ထွက်ပြေးနေ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ရဲစခန်းအနီးကို စစ်ကောင်စီတပ်က ဒီနေ့ လေကြောင်းကနေ ပစ်ခတ်လို့ အိမ် ၃ လုံးပျက်စီးခဲ့ပြီး ကနီမြို့နယ်မှာလည်း ချင်းတွင်းမြစ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်နေလို့ ဒေသခံထောင်နဲ့ချီ စစ်ဘေးရှောင်နေရပါတယ်။

ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ရဲစခန်းနားကို စစ်ကောင်စီတပ်က ဒီနေ့ မနက် ၆ နာရီလောက်မှာ ဂျက်ဖိုက်တာနဲ့ မန္တလေး၊ တံတားဦးလေဆိပ်ကနေ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ည ၁၁ နာရီခွဲအချိန်က ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက စိုင်ပြင်ရဲစခန်းကို စခန်းသိမ်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အကျအဆုံးရှိလို့ အခုလိုပြန်ပြီး တိုက်ခိုက်တာဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူ ဒေသခံတယောက်က “ကြဲတဲ့ဗုံးက ၂ လုံး ကြဲချတာဗျ။ တလုံးက ပေါက်ကွဲတယ်။ အိမ် ၃ လုံး ပျက်စီးတယ်။ နောက်တလုံးက မပေါက်ကွဲသေးဘူး။ တိုက်ပွဲကတော့ ဆက်ပြီးဖြစ် နေဆဲပါဗျ။ တိုက်ပွဲစကတည်းက ဒေသခံတွေကတော့ ထွက်ပြေးတာ တွေရှိတယ်။ ရဲစခန်းအနီးက ပြည်သူတချို့ကတော့ ပိတ်မိနေတယ်။ ဗုံးကြဲတာကလည်း ရဲစခန်းအနီးဆိုတော့ အရပ်သား‌သေဆုံးတာ မသိရသေးဘူး။ တိုက်ပွဲကတော့ ပြည်သူ့ကာကွယ်ရေးဘက်က ၂ ဦး ကျဆုံးထားတယ်။ စစ်ကောင်စီဘက်ကတော့ အကျအဆုံးတော့များတယ်ဗျ။ အတိအကျတော့ မသိရသေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ အင်အား ၇၀ ကျော်လောက်နဲ့ ဒီပဲယင်းမြို့ကနေ ခွင့်တောင်းကျေးရွာဘက်ကို စစ်ကြောင်းစထွက်နေပြီး စစ်ကြောင်းဦးတည်ရာ ရွာတွေက ပြည်သူတွေဟာ အရေးပေါ် စစ်ဘေး ရှောင်နေကြရတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်တွင်းမြစ်ထဲမှာ ဒီနေ့ နိုဝင်ဘာ ၅ ရက်နေ့ မနက် ၉ နာရီကျော်က စတင်ကာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကနီမြို့ဆိပ်ကမ်းကနေ မော်တော် ၈ စီးနဲ့ စုန်ဆင်းလာရင်း ညောင်ပင်ဝန်းရွာဆိပ်ကမ်းအနီးမှာ နှစ်ဖက်ပစ်ခတ်မှုဖြစ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

နတ်ကြီးရွာသားတယောက်က “ကနီဆိပ်ကမ်းမှာ နားနေတာ ကြာနေပြီဗျ။ ဒီနေ့မှ စုန်လာတာပေါ့။ အဲလိုစုန်လာရင်း အခုလို တိုက်ပွဲဖြစ်နေကြတာပါဗျ။ အခုထိဖြစ်နေကြဆဲပါဗျ။ စစ်မော်တော် ၃ စီးကတော့ ဝက်ချောင်းကြီးဆိပ်ကမ်း တည့်တည့်မှာ သောင်တင်နေတယ်။ နောက်မော်တော် ၄ စီးကတော့ မုဌောရွာ ဆိပ်ကမ်းမှာ သောင်တင်နေတယ်။ နောက်တစီးကတော့ ရှေ့ပြေးမော်တော်သေးတစီးပါ။ အဲအစီးကတော့ မော်တော်တွေကိုပတ်ပြီး ကင်းလှည့်ပေးနေတာမြင်ရတယ်” လို့ ပြောပါတယ်။

အခုလို တိုက်ပွဲဖြစ်နေတာကြောင့် မြစ်ကမ်းဘေးနေတဲ့ ညောင်ပင်ဝန်းရွာ၊ ပန်းဆိုင်းရွာ၊ နတ်ကြီးရွာ၊ ငါးဖျက်ရွာ၊ ဝက်‌ချောင်းကြီးရွာ၊ မုဌောရွာ၊ ဝက်ချောင်းကလေးရွာ၊ ချိုင်ရွာ၊‌ ရေဘုတလင်ရွာ၊ မင်းအိုရွာ၊ အိုင်တောင်ရွာ၊ သပြေတောရွာ၊ ရွှေစာရေးရွာ၊ အုန်းပင်ဆိပ်ရွာ၊ သပြေတောရွာ စတဲ့ ကျေးရွာတွေက ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013