DVB Logo
Home
မြန်မာသတင်း
ဆားလင်းကြီး မြို့ရှောင်လမ်းက မသွားရန်၊ မြိတ်-ထားဝယ်လမ်း ညပိုင်းမသွားရန် ကြေညာ
DVB
·
November 5, 2023
ဆားလင်းကြီး မြို့ရှောင်လမ်းက မသွားရန်၊ မြိတ်-ထားဝယ်လမ်း ညပိုင်းမသွားရန် ကြေညာ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် မြို့ရှောင်လမ်းကို နိုဝင်ဘာ ၅ ရက် ဒီနေ့ကစလို့ ပိတ်လိုက်တယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပြီး မြိတ်- ထားဝယ် ကားလမ်းမှာလည်း ညပိုင်းမသွားဖို့အတွက် သရက်ချောင်း ပကဖ က သတိပေးထား ပါတယ်။

ဆားလင်းကြီးမြို့နယ်နဲ့ ပုသိမ်-မုံရွာ အဝေးပြေးကားလမ်းမကို ဆက်ထားတဲ့ မြောက်တိုက်ကြီးဘုရား တောင်ဘက်က မြို့ရှောင်လမ်း(ဆည်ဘောင်လမ်း) တလျှောက်မှာ စစ်ကောင်စီတပ်က နေရာအနှံ့ ကင်းပုန်းတွေချထားပြီး ကာကွယ်ရေး အဖွဲ့တွေနဲ့ အချိန်မရွေး တိုက်ပွဲတွေဖြစ်လာနိုင်တဲ့အတွက် လမ်းကို ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက “စစ်တပ်ဘက်က နေရာအနှံ့ ကင်းပုန်းတွေ ချထားတယ်။ ဒေသခံတွေ ဖြတ်သွားဖြတ်လာလုပ်ရင် ရမ်းပစ်မှာ စိုးရိမ်ရတယ်။ နယ်ခံတွေရဲ့ လုံခြုံရေးအတွက် ပိတ်လိုက်တာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဟာ ဆားလင်းကြီးမြို့နယ် မြေစွန်ကျေးရွာက အသက် ၁၀ နှစ်အရွယ် ကလေးငယ်တယော်ကကို ပစ်သတ်ခဲ့ပြီး မြေစွန်ရွာ ဦးလှထွန်း ကုန်စုံဆိုင်က ငွေသိန်း ၁၀၀ နီးပါးကိုလည်း သိမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပန်းပြင်ကျေးရွာမှာ အောက်တိုဘာ ၃၀ ရက် ညပိုင်းက ခြေလျင်ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ထားဝယ်ပကဖ DDT နဲ့ သရက်ချောင်း ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့တို့က မိုင်း ၄ လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ နိုဝင်ဘာ ၄ ရက်မှာ DDT က သတင်းထုတ်ပြန်ပါတယ်။

သရက်ချောင်းမြို့နယ် ပိန်းတောရွာနဲ့ ပန်းပြင်ရွာအကြားက မှန်ကျောင်း ဘုန်းကြီးကျောင်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရတာဖြစ်ပြီး စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တပ်စွဲထားတဲ့​နေရာကနေ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ကူခဲ့တာကြောင့် သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ လက်နက်ခဲယမ်းယူဆောင်ဖို့ အခွင့်အရေး မရခဲ့ဘူးလို့ DDT အဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။

အောက်တိုဘာ ၂၅ ရက်ကလည်း ထားဝယ်ခရိုင်အတွင်းစစ်ရေးလှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၆ ခုနဲ့ စစ်ကြောင်းတခုပူးပေါင်းပြီး သရက်ချောင်း မြို့မရဲစခန်းနဲ့ ရောင်းမော်ရွာ ပျူစောထီးစခန်းတို့ကို တပြိုင်တည်း ပစ်ခတ်တိုက်ခိုက် ခဲ့ပါတယ်။

အဲဒီ တိုက်ခိုက်မှုတွေအပြီး နိုဝင်ဘာ ၁ ရက်မှာတော့ သရက်ချောင်း ပကဖ က မြိတ်-ထားဝယ် ပြည်ထောင်စုကားလမ်းမကို ည ၇ နာရီကနေ မနက် ၅ နာရီအတွင်း ဖြတ်သန်းသွားလာခြင်း မပြုကြဖို့ သတိပေး ထုတ်ပြန်ခဲ့ပါတယ်။

သရက်ချောင်း ပကဖမှာပါဝင်တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က “အဓိက ကတော့ တိုက်ပွဲတွေက တောက်လျှောက်ဖြစ်နေတော့ ပြည်သူလူထုက ကြားညပ်မှာ စိုးရိမ်လို့ပါ။ စစ်ကောင်စီကလည်း ပြည်သူလူထုကို ကာဗာယူပြီး ရိက္ခာဖြည့်တာတွေ တပ်ပြောင်းတာတွေ လုပ်နေတဲ့အခါကျတော့ တိုက်ခိုက်မှုတွေ လုပ်ခဲ့အခါ ပြည်သူလူထု မထိခိုက်အောင် သူတို့(စစ်ကောင်စီ)နဲ့ ခပ်ဝေးဝေး နေဖို့ရယ်၊ လမ်းပိုင်းမှာ ညပိုင်းအသုံးမပြုဖို့ရယ်ကို သတိပေးထုတ်ပြန်ရတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အခု ကန့်သတ်ချက်ဟာ နောက်ထပ် ထုတ်ပြန်ချက်တစုံတရာ မထုတ်ပြန်ခင်အထိ အတည်ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

အောက်တိုဘာ နောက်ဆုံးအပတ်ကလည်း ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့က အမှတ် ၈ ပြည်ထောင်စုကားလမ်းမ မြိတ်-ထားဝယ်ကားလမ်းကို ညပိုင်းအသုံးမပြုဖို့အပြင် ကားအားလုံး မှန်ချပြီး ၆၀ ကီလိုမီတာထက် ပိုမမောင်းကြရန်ဖို့၊ သဲကျောက်ကားတွေ ပစ္စည်းမတင်ဆောင်ထားရင် ဘေးအကာတွေ ဖွင့်ချ မောင်းနှင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013