DVB Logo
Home
မြန်မာသတင်း
ပုလဲမြို့နယ်တွင် ပြည်သူ ၂ သောင်းကျော် စစ်ဘေးရှောင်ရ
DVB
·
November 5, 2023
ပုလဲမြို့နယ်တွင် ပြည်သူ ၂ သောင်းကျော် စစ်ဘေးရှောင်ရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေလို့ ရွာပေါင်း ၂၀ ကျော်က ပြည်သူ ၂၀,၀၀၀ ကျော် စစ်ရှောင်နေရပြီး ကြောင်သန်းရွာနားမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ် တိုက်ပွဲဖြစ်ပြီး နှစ်ဖက် အကျအဆုံးများတယ်လို့ သိရပါတယ်။

ပုလဲမြို့နယ်၊ ကြောင်သန်းရွာနားမှာ နိုဝင်ဘာ ၄ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်နဲ့ ပုလဲမြို့နယ်ဒေသခံ သခင်ဒေါင်းညိုအဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့တာပါ။

သခင်းဒေါင်းညိုအဖွဲ့ခေါင်းဆောင် ဒေါင်းညိုက “ကျနော်တို့က ချောင်းနားရွာဘက်က ထိုးလာတဲ့ စစ်ကြောင်းကို တိုက်ဖို့ရာ အစီအစဉ်ဆွဲနေတဲ့အချိန် ကန့်ဒေါင့်ရဲစခန်းက ကား ၃ စီးနဲ့ ထပ်ထွက်လာတဲ့စစ်ကြောင်းနဲ့ တည့်တည့်သွားတိုးတာဗျာ။ တိုက်ပွဲက မီတာ ၂၀၀ လောက်ပဲ ဝေးတယ်။ သူပစ် ကိုယ်ပစ်ပဲ။ သူတို့ဘက်က ကျည်အင်အားရော၊ လူအင်အားရောက ကိုယ့်ထက်သာနေတော့ ကျနော်တို့ ကား ၂ စီးရော၊ လက်နက်ကြီးရော အကုန်ပစ်ထားပြီး နောက်ဆုတ်ခဲ့ရတယ်။ သူတို့ဘက်ကလည်း အသေရှိနိုင်တယ်။ ကျနော်တို့ဘက်ကလည်း ကျနော်အပါအဝင် ဒဏ်ရာရထားတယ်။ ပျောက်ဆုံးနေတဲ့ ရဲဘော်တွေလည်း ရှိနေတယ်” လို့ ပြောပါတယ်။

အခုတိုက်ပွဲမှာ လက်နက်ခဲယမ်း ဆုံးရှုံးမှုများပြားတာကြောင့် ပြည်သူတွေအနေနဲ့ ကူညီပေးကြဖို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။

စစ်ကောင်စီတပ်ဟာ ပုလဲမြို့နယ်မှာ စစ်ကြောင်း ၂ ကြောင်းခွဲ စစ်ကြောင်းထိုးနေပြီး ဖမ်းဆီးမိတဲ့ ပြည်သူတွေကိုလည်း သခင်ဒေါင်းညိုအဖွဲ့အကြောင်းကို မေးမြန်းလေ့ရှိသလို စစ်ကြောင်းဖြတ်သန်းသွာရာ ကျေးရွာတိုင်းလိုလိုမှာ‌ သခင်ဒေါင်းညိုကို အလိုရှိတယ်ဆိုတဲ့ စာရွက်တွေ ကပ်သွားလေ့ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ပုလဲမြို့နယ်အတွင်းကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်း စစ်ကြောင်းဟာ နိုဝင်ဘာ ၄ ရက်နေ့ကစလို့ စစ်ကြောင်း ၂ ကြောင်းခွဲ ဝင်ရောက်လာတာကြောင့် မြို့နယ်အတွင်း ကျေးရွာ ၁၈ ရွာက ဒေသခံပြည်သူ ၂၀,၀၀၀ ကျော်ဟာ အရေးပေါ် ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ Western Chindwin Association ဆီက သိရပါတယ်။

Western Chindwin Association က ကိုစိုပြေမင်းထင်က "လောလောဆယ်တော့ နောက်ချန် အင်အား ၈၀ က မလှုပ်သေးဘူး။ အခြေအနေစောင့်ကြည့်နေရတယ်။ စစ်ရှောင်တွေတော့ အရမ်းများနေပါတယ်။ အခု ရှောင်တိမ်းရွာတွေကတော့ ချင်ပြစ်ရွာ၊ နွယ်အင်းရွာ၊ သက္ကယ်ချင်းရွာ၊ (တောင်) ပိတောက်ကုန်း၊ မင်းတိုင်ပင်ရွာ၊ နှောရိုးရွာ၊ တုန်းကန်ရွာ၊ ချောင်းနားရွာ၊ လက်ပုကန်ရွာ၊ ကုက္ကိုလ်ကုန်းရွာ၊ မြကုန်းရွာ၊ ဦးနှောက်ရွာ၊ စပါးစေ့ရွာ၊ သာယာကုန်းရွာ၊ ပိတောက်ကုန်းရွာ၊ မြေနီကုန်းရွာ၊ သရက်ရွာနဲ့ ထန်းတောတိုက်ရွာတို့ပါ" လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့‌ အောက်တိုဘာလကတည်းက ပုလဲမြို့ကနေ ယင်းမာပင် နယ်ဘက်ကို စစ်ကြောင်းထိုးခဲ့ပြီး အခုနိုဝင်ဘာလအစမှာ ယင်းမာပင်မြို့နယ် ကပိုင်၊ သီးကုန်းရွာတွေကနေ ပုလဲမြို့နယ်ဘက်ကို ပြန်လှည့်လာတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “သူတို့စစ်ကြောင်းကို စစ်ကောင်စီတပ်တွေက ကျားဘီးလူး စစ်ကြာင်းလို့ အမည်ပေးပြီး ရွာသားတွေကို လိုက်သတ်နေတာ။ ယင်းမာပင်မြို့နယ် သဲကုန်းရွာက ပြည်သူ ၆ ဦးလည်း သူတို့စစ်ကြောင်းကပဲ သတ်သွားတာ။ အဲလိုပြည်သူ‌တွေကို သတ်တဲ့ စစ်ကြောင်းဆိုတော့ဗျာ မ ကြောက်ပဲ ရှိမလားဗျာ။ ကြောက်ကြလို့ သူတို့စစ်ကြောင်းဦးတည်သွားတဲ့ ရွာတိုင်း အကုန်ထွက် ပြေးနေကြရတာ ပေါ့ဗျာ” လို့ ပြောပါတယ်။

နိုဝင်ဘာ ၄ ရက်နေ့ နေ့ခင်းပိုင်းက စစ်ကောင်စီ စစ်ကြောင်း ဖြတ်သန်းသွားပြီးတဲ့ လမ်းပိုင်းကို ပြည်သူတချို့ ဖြတ်သန်းသွားတဲ့အခါ မိုင်းပေါက်ကွဲပြီး ၆ နှစ်အရွယ် မိန်းကလေးငယ်တဦးနဲ့ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ပုလဲ ပြည်သူ့ကာကွယ်ရေး အဖွဲ့ခေါင်းဆောင်တယောက်က ပြောပါတယ်။

“သူတို့သွားတဲ့လမ်းအတိုင်း နောက်စစ်ကြောင်းက ထပ်ထိုးလာလို့ ဒေသခံတွေ စစ်ဘေးရှောင်တဲ့အခါ မိုင်းမိသွားတာဗျ။ မိုင်းကတော့ အရှေ့ ပထမ စစ်ကြောင်းက ထောင်သွားတာလို့ပဲ ပြောရမယ်ထင်တယ်။ အတိအကျတော့ စစ်ကောင်စီဘက်က‌ ထောင်သွားတယ်လို့တော့ တပ်အပ် မပြောနိုင်ဘူးလေ။ ကိုယ်လည်း မျက်မြင် ကိုယ်တွေ့တာမှ မဟုတ်တာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပထမ စစ်ကြောင်းဟာ ဇီဖြူကုန်းပျူရွာ စခန်းကို ဦးတည်ခဲ့ပြီး ဒုတိယ စစ်ကြောင်းကတော့ နိုဝင်ဘာ ၃ ရက်နေ့က ပိတောက်ကုန်း (တောင်) ကျေးရွာမှာ ညအိပ် တပ်စွဲခဲ့ကြပြီး ကန့်ဒေါင့်နယ်မြေရဲစခန်းကတဆင့် စစ်ကား ၃ စီးနဲ့ နိုဝင်ဘာ ၄ ရက်နေ့ ညနေပိုင်းမှာ ပုလဲမြို့ကို ဦးတည် ထွက်ခွာသွားပါတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ချင်ပြစ်၊ နွယ်အင်း၊ သက္ကယ်ချင်း၊ ပိတောက်ကုန်း၊ မင်းတိုင်ပင်၊ နှောရိုး၊ နှောကန်၊ နွယ်ရှောက်၊ တုန်းကန်၊ ချောင်းနား၊ လက်ပုကန်၊ ကုက္ကိုလ်ကုန်း၊ မြကုန်း၊ သပြေကုန်း၊ ကျွန်းဘိုကုန်း၊ ဦးနှောက်၊ စပါးစေ့၊ သာယာကုန်း၊ ပိတောက်ကုန်း၊ မြေနီကုန်း၊ သရက်၊ ထန်းတောတိုက် စတဲ့ ကျေးရွာတွေက ပြည်သူ ၂၀,၀၀၀ ကျော်ဟာ  ထွက်ပြေးတိမ်းရှောင် နေရပါတယ်။

စစ်ကောင်စီ စစ်ကြောင်းထိုးတာ အချိန်ကြာမြင့်လာတာနဲ့အမျှ ဒေသခံစစ်ဘေး‌ရှောင် ပြည်သူတွေရဲ့ စားဝတ်နေရေးနဲ့ ဆေးဝါးတွေလည်း လိုအပ်ချက် ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013