DVB Logo
Home
မြန်မာသတင်း
E-Book ထုတ်ဝေရန် လက်မှတ် မရှိလျှင် အရေးယူမည် ဟုဆို 
DVB
·
November 5, 2023
E-Book ထုတ်ဝေရန် လက်မှတ် မရှိလျှင် အရေးယူမည် ဟုဆို 
Donate to DVB

လူမှုကွန်ရက်၊ Mobile Application၊ Websit စတာတွေကနေ E-book ထုတ်ဝေနေသူတွေ အားလုံးကို လုပ်ငန်းလုပ်ကိုင်ခွင့်လက်မှတ်ရယူဖို့နဲ့ လက်မှတ်မရှိဘဲ လုပ်ကိုင်နေရင် အရေးယူမယ်လို့ စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာနက  နိုဝင်ဘာ ၃ ရက်နေ့မှာ အသိပေးစာ ထုတ်ပြန်ထားပါတယ်။

အွန်လိုင်းအသုံးပြုပြီး E-book လုပ်ကိုင်နေကြတာဟာ ပုံနှိပ်နဲ့ ထုတ်ဝေတဲ့ လုပ်ငန်းဥပဒေမှာ ထုတ်ဝေစာအဓိပ္ပာယ် ဖွင့်ဆိုချက်နဲ့ အကျူံးဝင်တာကြောင့် ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ လုပ်ကိုင်ဖို့ လိုကြောင်း အသိပေးထားပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန က တာဝန်ရှိသူတယောက်က “Digital Platform ဖြစ်တဲ့ Mobile Application နဲ့ Website တွေထောင်ပြီး E-Book တွေ ထုတ်ဝေဖြန့်ချိနေတာကို အသိအမှတ်ပြုလက်မှတ်နဲ့  ဥပဒေဘောင်ထဲကနေ လုပ်ကြဖို့ကို  ပြောထားတာပါ။ တကယ်တမ်း စာပေအနုပညာကို ဖန်တီးထုတ်လုပ်နေသူတွေရဲ့ ဉာဏမူပိုင်ခွင့်နဲ့ အကျိုးခံစားခွင့်တွေ ရရှိအောင် အဓိကရည်ရွယ်ပါတယ်” လို့  ပြောပါတယ်။

၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနဲ့ ထုတ်‌ဝေခြင်းလုပ်ငန်းဥပဒေမှာ ထုတ်ဝေစာဆိုတာဟာ လက်ရေးစာ၊ ပုံနှိပ်စာ၊ အီလက်ထရောနစ်နဲ့ တခြား နည်းပညာတရပ်ရပ်နဲ့ ဖန်တီးပြီး ထုတ်ဝေလိုက်တဲ့ စာတို့အပြင် အဲဒါတွေနဲ့ အမျိုးအစားတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ထင်ရှားမြင်သာတဲ့ ပုံသဏ္ဌာန်ရှိတဲ့အရာ ဒါမှမဟုတ် ပုံအားဖြင့်သော်လည်းကောင်း၊ သဏ္ဌာန်အားဖြင့်သော်လည်းကောင်း၊ တခြားနည်းလမ်းအားဖြင့်သော်လည်းကောင်း စကားလုံးတွေ၊ အတွေးအခေါ်တွေကို သိနိုင်စေတဲ့အရာတွေ၊ သတင်းစာ၊ စာစောင်၊ ဂျာနယ်၊ မဂ္ဂဇင်းနဲ့ စာအုပ်တွေကို ဆိုတယ်လို့ ပြဋ္ဌာန်းထားကြောင်းလည်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 E-Book  ထုတ်ဝေဖြန့်ချိနေသူတွေအနေနဲ့ ဥပဒေပုဒ်မ ၁၅ အရ လုပ်ငန်းအသိအမှတ်ပြု လက်မှတ်ရယူဖို့နဲ့ ထုတ်ဝေစာ ပုဒ်မ ၈ ပါ စည်ကမ်းချက်များနဲ့အညီ ရေးသားထုတ်ဝေဖို့​၊ နည်းဥပဒေ ၁၅(ခ)နဲ့ အညီ E-Book Soft Copy ၅ အုပ်/၅ စောင်ကို မူပိုင်ခွင့်နဲ့ မှတ်ပုံတင်ဌာနခွဲကို ပေးပို့ဖို့လိုအပ်​တယ်လို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့အသိ​ပေးစာအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013