
ရန်ကုန်မှာ စုံ၊ မ စနစ်နဲ့ အရေးယူခံရတဲ့ ကားအစီးရေ ၁,၀၀၀ ကျော် ရှိတယ်လို့ စစ်အာဏာရှင်ရဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ဆီကနေ သိရပါတယ်။
စုံ၊ မ စနစ် စတင်ခဲ့တဲ့ မတ် ၇ ရက်ကနေ ဧပြီ ၂၃ ရက်အထိ အစီးရေ ၁,၀၀၀ ကျော်ကို အရေးယူ ထားပြီး ဒဏ်ကြေးငွေ သိန်း ၃၀၀ နီးပါးရရှိထားတယ်လို့လည်း သိရပါတယ်။
ယာဉ်မောင်းတယောက်က “ဖမ်းတာကတော့ တောက်လျှောက်ဖမ်းတယ်။ မြို့နယ်တိုင်းလိုလိုပဲ။ မိုးမလင်းသေးဘူး၊ သူတို့က လမ်းပေါ်ရောက်နေပြီ။ ညဘက်ဆိုလည်း မိုးချုပ်တဲ့အထိ သူတို့ ရှိတယ်။ ပိုက်ဆံကို ဘယ်လိုတောင်းရမလဲပဲ စဉ်းစားနေကြတာ။ အလုပ်ကိစ္စ အရေးကြီးလို့ ထွက်မိတာ၊ ပိုက်ဆံပါပေးလိုက်ရတယ်” လို့ ပြောပါတယ်။
စက်သုံးဆီအခက်အခဲတွေကြေင့် ချွေတာနိုင်ဖို့အတွက် ပုဂ္ဂလိကပိုင်မော်တော်ယာဉ်တွေကို စုံ၊ မ အလှည့်ကျစနစ်နဲ့ မောင်းနှင်သွားလာခိုင်းထားတာဖြစ်ပါတယ်။
စုံ၊ မ စနစ် ဖောက်ဖျက်သူတွေကို ၂၀၂၀ ယာဉ်အန္တရာယ်ကင်းရှင်းရေးနဲ့ မော်တော်ယာဉ်ဥပဒေပုဒ်မ (၉၆) အရ ဒဏ်ငွေ ၃ သောင်းထက်မပိုတဲ့ ငွေဒဏ်နဲ့ အရေးယူဆောင်ရွက်တာဖြစ်တယ်လို့ သိရ ပါတယ်။
ကားနဲ့ပတ်သက်တဲ့ အသင်းအဖွဲ့တွေကတော့ စက်သုံးဆီဝယ်ယူရေးကိုပဲ ကန့်သတ်ထားစေလိုပြီး မလိုအပ်တဲ့ စုံ၊ မ စနစ်ကို ပယ်ဖျက်ပေးစေလို့တယ်လို့ ထောက်ပြပြောဆိုကြပါတယ်။










