
အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား ပဋိပက္ခတွေဖြစ်ပွားနေဆဲမှာပဲ အမေရိကန်နိုင်ငံရဲ့ မြို့တော် ဝါရှင်တန်ဒီစီမှာ နိုဝင်ဘာ ၄ ရက်က ဆန္ဒပြသူတွေ စုဝေးခဲ့ကြပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေး တောင်းဆိုဖို့ ထောင်ပေါင်းများစွာသော ပါလက်စတိုင်း လိုလားတဲ့ ဆန္ဒပြသူတွေ စုရုံးခဲ့တာပါ။
ပါလက်စတိုင်း အလံတွေကို ဝှေ့ယမ်း၊ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ထားတဲ့ ဆန္ဒပြသူတွေဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကို ဆန့်ကျင်တဲ့ စကားလုံးတွေနဲ့ ကြွေးကြော်ခဲ့ကြပါတယ်။
ပါလက်စတိုင်းလိုလားတဲ့ တခြားဆန္ဒပြပွဲတွေလည်း ဥရောပမြို့တော်တွေနဲ့ ကမ္ဘာတဝန်းက မြို့ကြီးတွေမှာ စနေနေ့က ဖြစ်ပွားခဲ့ပါတယ်။
အောက်တိုဘာ ၇ ရက်မှာ ဂါဇာကမ်းမြှောင်ကို ထိန်းချုပ်ထားတဲ့ ဟားမတ်စ် တိုက်ခိုက်ရေးသမားတွေ က နယ်စပ်ကိုဖြတ်ကျော်ဝင်ရောက် တိုက်ခိုက်လို့ အစ္စရေးက လူပေါင်း ၁၄၀၀ သေဆုံးပြီး ၂၄၀ ကျော် ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရပါတယ်။
အဲဒီနောက် ၄ ပတ်အတွင်း ပြင်းထန်တဲ့ ပဋိပက္ခတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ကမ္ဘာ့နဲ့ ဒေသတွင်း အင်အားကြီး နိုင်ငံတွေ သဘောတူညီမှု မရသေးပါဘူး။
အစ္စရေးဟာ ဂါဇာကမ်းမြောင်ဒေသကို လေကြောင်းကနေ သိမ်းပိုက် ပြီးကတည်းက မြေပြင်ထိုးစစ်ကို စတင်ခဲ့ပြီး နယ်မြေအတွင်း လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများကို တကမ္ဘာလုံးက သတိပေးနှိုးဆော်ခဲ့ပါတယ်။
ပဋိပက္ခအတွင်း ပါလက်စတိုင်း ၉,၄၈၈ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဂါဇာက ကျန်းမာရေးအရာရှိတွေက စနေနေ့မှာ ပြောပါတယ်။
Source/Photo-Reuters










