DVB Logo
Home
မြန်မာသတင်း
မဲဆောက်ရှိ အထည်ချုပ်စက်ရုံများတွင် မြန်မာလုပ်သားများကို ဈေးနှိမ်
DVB
·
November 5, 2023
မဲဆောက်ရှိ အထည်ချုပ်စက်ရုံများတွင် မြန်မာလုပ်သားများကို ဈေးနှိမ်
Donate to DVB

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာရှိတဲ့ အထည်ချုပ်စက်ရုံတွေမှာ အလုပ်ရှင်တွေက ဈေးနှိမ်တာကြောင့် လုပ်ကိုင်နေတဲ့ မြန်မာ အလုပ်သမားတွေဟာ စားဝတ်နေရေး အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ မြန်မာအလုပ်သမားများက ပြောပါတယ်။

မဲဆောက်မြို့မှာရှိတဲ့ အထည်ချုပ်စက်ရုံတွေဟာ အထည်ရဲ့ အစိတ်အပိုင်းတခုချင်းကို လက်ခစားချုပ်ခိုင်းတဲ့ ပွိုင့်စားပေးတဲ့စက်ရုံတွေများပြီး တရားမဝင်အောက်လမ်းက လာသူတွေကို ဦးစားပေးအလုပ်ခန့်တယ် လို့လည်းသိရပါတယ်။

ပွိုင့်စားစက်ရုံမှာ လုပ်ကိုင်နေသူတယောက်က “ကျနော်တို့က ပိုလိုတီရှပ်လိုဟာမျိုးနဲ့ လူကြီးဝတ်ဘောင်းဘီရှည်တွေ ချုပ်ရတာပါ။ တထည်လုံး ချုပ်ပေးရတာပါ။ တထည်လုံးကိုမှ ၁၀ ဘတ်ကနေ ၁၅ ဘတ် ပဲရပါတယ်။ မနက် ၈ နာရီကနေ ည ၁၂ နာရီ အထိချုပ်မှ တခါတလေ ဘတ် ၃၀၀ အများဆုံးရတာပါ။ တလကို ဘတ် ၆,၀၀၀ လောက်ပဲရပြီးတော့ အိမ်လခ၊ ရေ၊ မီးဖိုးနုတ်မှ ဘတ် ၁,၀၀၀ လောက်ပဲကျန်တယ်။ တခါတလေဆို အထည်မရလို့ စားဖို့တောင်မရဘူး” လို့ ပြောပါတယ်။

မဲဆောက်မြို့က အထည်ချုပ်စက်ရုံတွေဟာ ထိုင်းလူမျိုးပိုင်စက်ရုံတွေရှိသလို မြန်မာတွေက ပုလိပ်ကြေးပေး ဖွင့်ထားတဲ့ စက်ရုံတွေလည်းရှိပြီး လစာမရှင်းပေးဘဲ ခိုင်းနေတာမျိုးတွေလည်း ရှိပါတယ်။

စက်ရုံတခုမှာ လုပ်နေသူ တယောက်က “ကျနော်က ကလေးအင်္ကျီနဲ့ ဂါဝန်တွေ ဓားစက်လိုက် ပေးရတာ။ မနက် ၈ နာရီကနေ ည ၁၁ နာရီထိ လုပ်မှဘတ် ၂၅၀ လောက်ပဲရတယ်။ အဲဒါ ကျနော့်ကို ပိုက်ဆံမရှင်းပေးဘူး” လို့ ပြောပါတယ်။

စက်ရုံနဲ့နီးစပ်သူတယောက်ကတော့ အဲဒီစက်ရုံတွေဟာ လစာနှိမ်လို့ရအောင် အောက်လမ်းက တရားမဝင်လာတဲ့သူတွေကိုပဲ အလုပ်ခေါ်တတ်ပြီး တချို့ဆိုရင် တလလုံးခိုင်းပြီး လစာမပေးဘဲ အလုပ်ထုတ်ပစ်တာမျိုးတွေရှိတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ အာဏာသိမ်းခံရတဲ့ နောက်ဆက်တွဲအဖြစ် ပြည်တွင်းမှာ စစ်ဒဏ်ခံရ​​တာ၊ ကုန်စျေးနှုန်းတက်​တာနဲ့ အလုပ်အကိုင် ရှားပါးလာတာတွေကြောင့် ရေကြည်ရာ မြက်နုရာကို ရွှေ့ပြောင်းရင်း အိမ်နီးချင်းနိုင်ငံတွေမှာ အလုပ်ရဖို့အတွက် တရားမဝင်လမ်းကြောင်းက ခိုးဝင်လာတွေရှိပါတယ်။

အဲဒီလို ရရာလမ်းကြောင်းက ဝင်ရောက်ရင်း ခိုးဝင်မြန်မာနိုင်ငံသားတွေဟာ မဲဆောက်မှာလည်း အလုပ်အကိုင်ရှားပါးသလို ရှိနေတဲ့ တခြားအလုပ်တွေကလည်း ပတ်စပို့ ဒါမှမဟုတ် CI(အစိမ်းရောင်စာအုပ်) စတာတွေ မရှိရင်အလုပ်မရနိုင်ဘူးလို့လည်း သိရပါတယ်။

အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ဖူးသူတယောက်က “တခြား အလုပ် ရှာမယ်ဆိုလည်း ပတ်စပို့၊ ဘတ်(ပန်းရောင်ကဒ်ပြား)တို့၊ CI(အစိမ်းရောင်စာအုပ်) အဲဒါတွေ လိုတယ်။ သူတို့တော့ လုပ်ပေးတယ်။ ဒါပေမဲ့အပြင်မှာ ဘတ် ၁၀,၀၀၀ ဆို သူတို့ဆီမှာ ၁၅,၀၀၀ လောက် ဖြတ်တယ်” လို့ ပြောပါတယ်။

စက်ရုံပိုင်ရှင်တွေဟာ မြန်မာပြည်ကပစ္စည်း အဝယ်မလိုက်တော့ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်သမားတွေကို လုပ်အားခဈေးနှိမ်တတ်ကြပြီး ထိုင်းနိုင်ငံမှာ အလုပ်သမားတယောက်ကို တရက် အ‌ခြေခံ လုပ်အားခ ဘတ် ၃၃၀ လို့ သတ်မှတ်ထားပေမဲ့ မဲဆောက်မြို့က စက်ရုံ တော်တော်များများမှာတော့ ဘတ် ၁၅၀ လောက်ရတဲ့ အချိန်တွေလည်းရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013