မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင် ပျူစောထီးရွာကို တော်လှန်ရေးတပ်တွေက စီးနင်းတိုက်ခိုက်လို့ ပျူစောထီး ၃ ယောက် သေဆုံးပြီး ဂန့်ဂေါမြို့နယ်က တောင်ခင်ရမ်း ရဲစခန်းကိုလည်း ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက် မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
နိုဝင်ဘာ ၄ ရက် နေ့လယ် ၁၂ နာရီကျော်က ပခုက္ကူခရိုင် တပ်ရင်း ၁၃ နဲ့ ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ ၁ တို့ ပူးပေါင်းပြီး ညောင်ဂျစ်ပင် ပျူစောထီးရွာကို ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ကြတာလို့ ပခုက္ကူခရိုင် တပ်ရင်း ၁၃ ဆီက သိရပါတယ်။
တပ်ရင်း ၁၃ ရဲ့ တပ်ရေးဗိုလ် တာဝန်ခံ မိုးကြီးက “ကျနော်တို့ ပျုရွာထဲထိ ဝင်ရောက် တိုက်ခိုက်တာပါ။ ဂိတ်က ပြန်လည် ပစ်ခတ်မှုတွေ ရှိတဲ့အပြင် ပျူခေါင်းဆောင် တယောက်ကိုလည်း လိုက်လံရှင်းလင်းနိုင်ခဲ့ပါတယ်။ ပျူတယောက်အိမ်ကို သွားရောက် တိုက်ခိုက်တာပါ။ ကျနော် သတင်းစောင့် ထောက်လှမ်းမှုများ ပြုလုပ်ပြီး ပကဖ တပ်ခွဲ ၁ နဲ့ တွဲ တိုက်ခိုက်တာပါ။ လက်နက်ငယ်၊ ကြီးတွေနဲ့ သွားရောက် တိုက်ခိုက်ခဲ့ပါတယ်။ ရန်သူ ဘက်က ၃ ဦးသေ၊ တဦး ဆေးရုံ ပြင်းထန်ဒဏ်ရာလို့ သိရပါတယ်။ ကျနော်တို့ဘက်ကတော့ အထိခိုက် မရှိပါဘူး။ ထိတွေ့ တိုက်ပွဲဖြစ်ချိန် မိနစ် ၂၀ ခန့် ကြာပါတယ်။ ပျူစောထီး တဦးရဲ့ Short Gun တလက် သိမ်းဆည်းရခဲ့ပါတယ်ဗျ” လို့ ပြောပါတယ်။
ဂန့်ဂေါမြို့နယ်မှာတော့ နိုဝင်ဘာ ၃ ရက်နေ့ မနက်ပိုင်းမှာ မင်းရွာ နယ်မြေရဲစခန်းကို ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက် မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ညပိုင်း ၁၂ နာရီ လောက်မှာ တောင်ခင်ရမ်းနယ်မြေရဲစခန်းက ရဲနဲ့ စစ်သားတွေဟာ အနီးဝန်းကျင်က မြောက်ခင်ရမ်းကျေးရွာ ရဲစခန်းဘက်ကို စခန်းစွန့်ခွာထွက်ပြေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၄ ရက်နေ့ နေ့လယ်ပိုင်းမှာတော့ တောင်ခင်ရမ်းကျေးရွာ နယ်မြေရဲစခန်းကို ဂန့်ဂေါခရိုင် တပ်ရင်းတွေ၊ ABSDF Column-3 နဲ့ ရပ်ကျေးပကဖတွေက နယ်မြေရှင်းလင်းရေးလုပ်ပြီး မီးရှိူ့ဖျက်ဆီးခဲ့ကြတာဖြစ်ပါတယ်။
တောင်ခင်ရမ်းရွာ တာဝန်ရှိသူတယောက်က “ည ၁၂ နာရီကတည်းက သူတို့က ဆုတ်သွားတာ၊ ည ၁ နာရီခွဲလောက်မှာ မြောက်ခင်ရမ်းဘက်ရောက်တော့ လက်နက်တွေ ဖောက်တယ်။ ရဲစခန်းမရှိတော့ပေမယ့် ရွာသားတွေကို ရွာထဲပေးမဝင်သေးဘူး။ သူတို့ဘက်က မိုင်းတွေထောင်ခဲ့လို့ မိုင်းရှင်းလင်းရေးတွေ လုပ်ရဦးမယ်” လို့ ပြောပါတယ်။
တောင်ခင်ရမ်းကျေးရွာမှာ နေထိုင်တဲ့ လူဦးရေ ၄,၀၀၀ ကျော်ရှိပြီး ရဲစခန်းက လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ပျူစောထီးရွာအဖြစ် သွတ်သွင်းတာတွေကြောင့် အခုနှစ် ဇွန်လ ကတည်းက ဒေသခံ ၃,၅၀၀ ကျော်ဟာ ရွာပြင်ထွက် တိမ်းရှောင် နေကြရတာဖြစ်ပါတယ်။